ပါကစ္စတန်အကျဉ်းထောင်များ၌ အကျင့်ပျက်ခြစားမှုများ ထူပြောနေ

ပါကစ္စတန်အကျဉ်းထောင်များ၌ အကျင့်ပျက်ခြစားမှုများ ထူပြောနေ

ပါကစ္စတန်နိုင်ငံရှိ အကျဉ်းထောင်များအတွင်း အကျင့်ပျက်ခြစားမှုများ ထူပြောလျက် ရှိသည်ဟု ယင်းနိုင်ငံ၏ လူ့အခွင့်အရေးဝန်ကြီးဌာန (MoHR) က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

ဩဇာရှိသည့် အကျဉ်းသားများသည် ငွေပမာဏအများအပြား လာဘ်ထိုးပြီး စည်းစိမ်များနှင့် အထူးအခွင့်အရေးများ ခံစားရရှိလျက် ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း Geo News က ဖော်ပြသည်။

ဝန်ကြီးဌာန၏ အရာရှိများသည် အကျဉ်းထောင်များသို့ သွားရောက်စစ်ဆေးကြည့်ရှုပြီးနောက် အစီရင်ခံစာတစ်ရပ်ကို အစ္စလမ်မာဘတ် တရားရုံးချုပ်သို့ တင်ပြခဲ့သည်။

အကျဉ်းထောင် စီမံအုပ်ချုပ်မှုတာဝန်ရှိသူများကို လူ့အခွင့်အရေးနှင့် စပ်လျဉ်းပြီး သင်တန်းပေးရန် အစီရင်ခံစာတွင် အကြံပြုထားကြောင်း Geo News က ဖော်ပြသည်။

ထို့ပြင် အကျဉ်းထောင် စီမံအုပ်ချုပ်မှုတာဝန်ရှိသူများသည် ကြီးလေးသည့် နိုင်ငံရေးဖိအားနှင့် ရင်ဆိုင်နေရသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

MoHR ၏ ဖော်ပြချက်အရ ပြည်ထဲရေးဝန်ကြီးဌာန၏ ဖိအားပေးမှုကြောင့် အကျဉ်းထောင်တာဝန်ရှိသူတို့သည် မီအန်ဝါလီနှင့် ဂျဟီလမ် အကျဉ်းထောင်တို့မှ အကျဉ်းသားများကို အဒီယာလာ အကျဉ်းထောင်သို့ ပြောင်းရွှေ့မှုကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြရကြောင်း ဖော်ပြထားသည်ဟု Geo News က ဖော်ပြသည်။

အကျဉ်းထောင် တာဝန်ရှိသူများထံသို့ ငွေလွှဲပြောင်းပေးမှုများနှင့် ပတ်သက်သည့် သက်သေအထောက်အထားကို အကျဉ်းသားတစ်ဦးက ပေးအပ်ခဲ့သည်ဟု MoHR က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly