မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် စည်းဝေးမည် 

မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် စည်းဝေးမည် 

ဇန်နဝါရီ ၂၇

အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချပြီး တစ်နှစ်အကြာ မြန်မာနိုင်ငံက ဝရုန်းသုန်းကား အခြေအနေအား ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အာဆီယံ၏ ဥက္ကဋ္ဌ ကမ္ဘောဒီးယားမှ ဝန်ကြီးတစ်ဦးနှင့်အတူ သောကြာနေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောသည်။ 

မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် နိုလင်း ဟေဇာပါ ပါဝင်မည့် အဆိုပါ တံခါးပိတ်အစည်းအဝေးသို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ လက်ရှိ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနှင့် မြန်မာဆိုင်ရာ အာဆီယံ သံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ် ဆော့ခွန်းတို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်က အေအက်ဖ်ပီသို့ ပြောသည်။ 

ပရတ် ဆော့ခွန်းအနေဖြင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ ဇန်နဝါရီ အစောပိုင်းက အငြင်းပွားဖွယ် မြန်မာခရီးစဉ်နှင့် ပတ်သက်ပြီး အစီရင်ခံဖွယ် မျှော်လင့်ရသည်။ ဟွန်ဆန်သည် ၎င်း၏ ခရီးစဉ်အတွင်း စစ်ကောင်စီနှင့် တွေ့ဆုံခဲ့ကာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ၌ စစ်ဗိုလ်ချုပ်ကြီးများ အာဏာသိမ်းပြီးချိန်မှစပြီး မြန်မာနိုင်ငံသို့ လာရောက်သည့် ပထမဆုံး ပြည်ပခေါင်းဆောင်ဖြစ်ခဲ့သည်။ 

ခက်ခဲသော မြန်မာ့အရေးနှင့် ပတ်သက်ကာ အာဆီယံသည် သဘောထားကွဲလွဲလျက် ရှိပြီး အကျပ်အတည်းမှ မြန်မာနိုင်ငံကို ဆွဲထုတ်နိုင်ရေး ဒေသတွင်း အဖွဲ့ကြီးအနေဖြင့် မည်သို့ ကူညီကြမည်ဆိုခြင်းအပေါ် ဆွေးနွေးမှုများကလည်း ဝေ့လည်လျက် ရှိနေသည်။ 

ဟွန်ဆန်၏ ခရီးစဉ်သည် စစ်ကောင်စီအား တရားဝင်ဖြစ်စေလိမ့်မည်ဟု ဝေဖန်သူများက ဆိုကြသည်။ ခရီးစဉ်အတွင်း၌ ဟွန်ဆန်သည် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး ရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှုများဖြင့် တရားစွဲဆိုခြင်း ခံနေရသော  ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခဲ့ပေ။ 

မြန်မာနိုင်ငံသည် ‘ပြည်တွင်းစစ် အလားအလာရှိနေပြီ’ ဟု ပရတ် ဆော့ခွန်းက ယခုလအတွင်း ပြောသည်။ 

မြန်မာနိုင်ငံ၏ ယိုယွင်းနေသော အခြေအနေကို ပြင်ဆင်နိုင်ရန် ရည်ရွယ်သည့် ‘ဘုံသဘောတူညီချက် ငါးရပ်’ ကို ပြီးခဲ့သည့်နှစ် ဧပြီ၌ အာဆီယံက သဘောတူခဲ့သည်။ ယင်းကို စစ်ကောင်စီက လက်ခံခဲ့သော်လည်း အကောင်အထည်ဖော်ခြင်း မရှိသလောက်ဖြစ်ကာ သဘောထားကွဲလွဲသူများကို ရံဖန်ရံခါဆိုသလို အကြမ်းဖက်အင်အားဖြင့် ဖိနှိပ်မှုများ ဆက်လက်ကျူးလွန်နေခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required