ချင်းပြည်သူ့တပ်များ နှင့် စစ်တပ်တို့၏ ၉ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁,၀၀၀ ကျော် သေဆုံး

ချင်းပြည်သူ့တပ်များ နှင့် စစ်တပ်တို့၏ ၉ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁,၀၀၀ ကျော် သေဆုံး

ဇန်နဝါရီ ၂၆

ချင်းဒေသ ပြည်သူ့ ကာကွယ်ရေးတပ်များ ပေါင်းစု ဖွဲ့ထားသည့် ချင်းမြေ ပူးပေါင်းကာကွယ်ရေး ကော်မတီ (CJDC) နှင့် စစ်ကောင်စီ တပ်များအကြား ကိုးလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၀၂၉ ဦး သေဆုံးခဲ့ကြောင်း CJDC က ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ် ၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း အတွင်း နေရာများစွာ ၌ CJDC တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့များ ၂၀၂၁ ခုနှစ် ဧပြီလ မှ ဒီဇင်ဘာလအထိ ၉ လအတွင်း တိုက်ပွဲပေါင်း ၁၈၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀၂၉ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ချင်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများ ဘက်ကလည်း ရဲဘော် ၅၈ ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီ တပ်သားများ၏ မတရား ညှဥ်းပန်း နှိပ်စက် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၂၇ ဦးလည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

CJDC သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် ချင်းအမျိုးသားတပ်ဦး/တပ်မတော် (CNF/CAN) နှင့် ချင်းလူမျိုးများ နေထိုင်ရာ မြို့နယ် ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဖက်ဒရယ် ဒီမိုကရေစီနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် စစ်ရေးဆိုင်ရာ အချိတ်ဆက်ရှိရှိ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly