ကျွန်းစုမြို့နယ်တွင် NLD ပါတီ ဥက္ကဌ နေအိမ်ကို စစ်ကောင်စီ တရားရုံးက ဝရမ်းစာလာကပ်

By ကိုရွှေမြိတ်
26 January 2022
ကျွန်းစုမြို့နယ်တွင် NLD ပါတီ ဥက္ကဌ နေအိမ်ကို စစ်ကောင်စီ တရားရုံးက ဝရမ်းစာလာကပ်

ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ၏ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် တရားရုံးကနေ ယမန်နေ့ ဇန်နဝါရီလ ၂၆ရက်က ၀ရမ်း လာရောက် ကပ်သွားကြောင်း ဒေသခံများထံမှ သိရ သည်။

ဦးအောင်မြတ်ထွန်း ဆိုသူ၏ နေအိမ် ၀ရမ်း ကပ်ခံခြင်းဖြစ်ပြီး ၎င်းသည် စစ်ကောင်စီက ၅၀၅-က နှင့် ဝရမ်း ထုတ်ခံထားရသူဖြစ်သည့်အပြင် ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မြို့နယ် ဥက္ကဌ တစ်ဦးလည်းဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သည်။

ကျွန်းစုမြို့နယ် ဒေသခံ တစ်ဦးက"လက်ရှိ သူတို့ မိသားစု တစ်စုလုံး ကျွန်းစုမှာ မရှိပါဘူး။ စစ်တပ်က အာဏာသိမ်း ကတည်းက တိမ်းရှောင်နေတာ ဖြစ်တယ်"ဟု ပြောသည်။

၎င်း၏ နေအိမ်ကို ကပ်ထားသည့် ဝရမ်းအမိန့်ကို မြို့နယ်တရားရုံးမှ ဇန်နဝါရီလ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ထားသော်လည်း ဇန်နဝါရီလ ၂၅ ရက်တွင် လာရောက် ကပ်သွားခြင်းဖြစ်သည်။

ထို၀ရမ်း အမိန့်တွင် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကိုသိမ်းဆည်းကြောင်းပါရှိသည့် အပြင် နေအိမ်ပိုင်ရှင် ဖြစ်သူ ဦးအောင်မြတ်ထွန်း အနေဖြင့် လက်ရှိ တိမ်းရှောင်နေရာမှ ရက်ပေါင်း ၃၀ အတွင်း တရားရုံးကို လာရောက် ထုချေ ရှင်းလင်းနိုင်ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required