ဖာပွန်ခရိုင်တွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးဟု KNU ထုတ်ပြန်

ဖာပွန်ခရိုင်တွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးဟု KNU ထုတ်ပြန်

ဇန်နဝါရီ ၂၆

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင် အတွင်း ဇန်နဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီ တပ်သား ၁၁ ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း KNU မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။

KNLA တပ်မဟာ (၅) လက်အောက်ခံ၊ တပ်ရင်း (၁၅) တပ်ဖွဲ့ဝင်များက တိုလယ်စခန်းနှင့် ထီးဘအဲ ဒေသရှိ အကြမ်းဖက် စစ်ကောင်စီ စခန်းနှင့် တပ်ဖွဲ့ဝင်များကို သွားရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦး သေဆုံး သွားသည်ဟု KNU က သတင်းထုတ်ပြန်သည်။

ထို့ပြင် အဆိုပါနေ့တွင်ပင် ဖာပွန်ခရိုင် အနောက်ဘက်ကမ်း ဒေသနှင့် တကောလူ ဒေသ တို့တွင်လည်း KNLA တပ်မဟာ (၅) လက်အောက်ခံ၊ တပ်ရင်း (၁၅) တပ်ဖွဲ့ဝင်များ က စစ်ကောင်စီ စစ်တပ်ဖွဲ့ ဝင်များကို ပြောက်ကျားနည်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲပေါင်း ၁၀ ကြိမ် ခန့် ရှိခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးသွားသည်ဟု KNU က ထုတ်ပြန်သည်။

KNLA တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင် အနောက်ဘက်ကမ်း ဒေသတွင် ဇန်နဝါရီလ ၂၂ ရက်နေ့ ကလည်း ကရင်နယ်ခြားစောင့်တပ် (BGF) အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNLA တပ်တို့ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ရှစ်ဦး သေဆုံးခဲ့သည်ဟု KNLA သတင်းရင်းမြစ်များက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် KNLA ထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲများ ပြင်းထန်လာပြီး KNLA တပ်မဟာ (၁)၊ တပ်မဟာ (၅) နှင့် တပ်မဟာ (၆) နယ်မြေများတွင် တိုက်ပွဲ အများဆုံး ဖြစ်နေကြောင်း တိုက်ပွဲ မှတ်တမ်းများအရ သိရသည်။

KNLA တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဖြစ်သော ကော့ကရိတ် မြို့နယ်တွင်လည်း ဇန်နဝါရီလ ၇ ရက်နေ့က စတင်ကာ KNLA ပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာပေါင်း ၂၇ ရွာက ဒေသခံ ၂၀,၀၀၀ ကျော် စစ်ဘေး ဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

အလားတူ မြဝတီမြို့ တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ် တိုက်ပွဲကြောင့် စစ်ဘေး ရှောင်နေရသည့် ဒုက္ခသည် ၁၆,၀၀၀ ကျော်ခန့် ရှိနေပြီး အများစုမှာ နေရပ် မပြန်နိုင်သေးဘဲ ထိုင်းနိုင်ငံ ဘက်ခြမ်းတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။

၎င်းတို့သည် စစ်ကောင်စီတပ်၏ စစ်ရေး လှုပ်ရှားမှုကြောင့် နေရပ်ပြန်မှု ကြန့်ကြာမည်ကို စိုးရိမ်နေကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက် နေသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required