အာဖဂန်နယ်စပ် ခြံစည်းရိုးကာရံမှုကို ပြီးစီးအောင်လုပ်မည်ဟု ပါကစ္စတန် ပြော

By Zee5
26 January 2022
အာဖဂန်နယ်စပ် ခြံစည်းရိုးကာရံမှုကို ပြီးစီးအောင်လုပ်မည်ဟု ပါကစ္စတန် ပြော

တာလီဘန်တို့နှင့်အကြား တင်းမာမှုများ ရှိလင့်ကစား အာဖဂန်နစ္စတန်နယ်စပ် ဒူရန်းမျဉ်း (Durand Line) တစ်လျောက် ခြံစည်းရိုးကာရံခြင်းကို ပြီးစီးအောင် လုပ်ဆောင်သွားမည်ဟု ပါကစ္စတန်အစိုးရက ဇန်နဝါရီ ၁၅ ရက်တွင် ကတိပြုပြောကြားခဲ့သည်။

ဒူရန်းမျဉ်း နယ်စပ်၏ ကီလိုမီတာ ၂,၆၀၀ ခန့်ကို ခြံစည်းရိုး ကာရံထားပြီးဖြစ်ကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရှိတ်ခ် ရာရှိဒ် အာမက်ဒ်က ပြောသည်ဟု Tolo News သတင်းတွင် ဖော်ပြခဲ့သည်။

"ခြံစည်းရိုး ကာရံမှုက ကီလိုမီတာ ၂,၆၀၀ လောက်အထိ လုပ်သွားပြီးပါပြီ။ ၂၁ ကီလိုမီတာလောက်ကိုပဲ ဆက်ကာဖို့ ကျန်ပါတော့တယ်။ ကျန်တဲ့နယ်စပ်နေရာတွေမှာ ခြံစည်းရိုးကာတာကို အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အာဏာပိုင်တွေ စိတ်ကျေနပ်စေမယ့် နည်းလမ်းတစ်ခုနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ သူတို့ (ကဘူးလ်အာဏာပိုင်များ) က ကျွန်တော်တို့ရဲ့ ညီအကိုတွေပါပဲ" ဟု ၎င်းက ပြောခဲ့သည်။

အလားတူ အာဖဂန်နစ္စတန်၏ တာလီဘန်အုပ်ချုပ်သူတို့ကလည်း ၎င်းတို့အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် ယင်းကိစ္စရပ်ကို ပြေလည်အောင် ဖြေရှင်းသွားလိုသည်ဟု ပြောခဲ့ကြောင်း Tolo News က ဖော်ပြသည်။

"အာဖဂန်နစ္စတန်ရဲ့ တာဝန်ရှိသူတွေအနေနဲ့ ကိစ္စရပ်အားလုံးကို ညှိနှိုင်းဆွေးနွေးမှုတွေကနေတဆင့်ပဲ ဖြေရှင်းသွားလိုပါတယ်။ အထူးသဖြင့် နယ်စပ်မျဉ်း (ဒူရန်းမျဉ်း) ကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးဖို့ အသင့်ရှိပါတယ်" ဟု တာလီဘန် ဒုတိယပြောရေးဆိုခွင့်ရှိသူ အီနာမူလာ ဆာမန်ဂါနီက ပြောသည်။

ယင်းမတိုင်မီကလည်း ဒူရန်းမျဉ်း နယ်ခြားမျဉ်းသည် နိုင်ငံနဲ့ သက်ဆိုင်သည့် ကိစ္စတစ်ခု ဖြစ်သည့်အတွက် ဆုံးဖြတ်ချက်ချမှတ်မှုကို အစိုးရထံသာ လွှဲအပ်သင့်သည်ဟု ပါကစ္စတန်ဆိုင်ရာ အာဖဂန်နစ္စတန် သံအမတ်က ပြောခဲ့သည်။

အစောပိုင်းကလည်း တာလီဘန်တပ်ဖွဲ့များက ဒူရန်းမျဉ်းတလျောက် ပါကစ္စတန်စစ်တပ် စိုက်ထူထားသည့် ခြံစည်းရိုးများကို ဖျက်ဆီးပစ်နေသည့် ဗီဒီယိုတစ်ခု လူမှုမီဒီယာပေါ် ပျံ့နှံ့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly