မြောင်မြို့နယ်တွင် ရွာမီးရှို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

မြောင်မြို့နယ်တွင် ရွာမီးရှို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၁၁ နာရီ ၁၂ မိနစ်ခန့်က စစ်ကောင်စီတပ် စစ်ကြောင်းကို ဆယ်အိမ်တန်းရွာ အရောက်တွင် ဒေသခံ ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ် အင်အား ၅၀ ခန့်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောက်ကျားတပ် တာဝန်ရှိသူက ပြောသည်။

"ဒီကောင်တွေက ၂၃ ရက်နေ့ကစပြီး ရွာတွေကို မီးရှို့နေတာ။ ရွာ ၁၀ ရွာလောက် စစ်ဘေးရှောင် နေရတယ်။ သူတို့ မီးရှို့ပြီး ပြန်လာတဲ့ အချိန်မှာ စောင့်ပြီး မိုင်းဆွဲလိုက်တာ" ဟု မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ် အင်အား အများအပြားဖြင့် မြောင်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေပြီး ပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း အိမ်အတွင်းရှိ အဖိုးတန် ပစ္စည်းများအား လုယူခြင်းများ ပြုလုပ်နေကြောင်း ဆိုသည်။

"၂၃ ရက်နေ့က နှစ်ရွာ ရှို့တယ်။ ၂၂ ရက်နေ့က တစ်ရွာ ရှို့တယ်။ စုစုပေါင်း ၁၀ ရွာလောက်တော့ရှိပြီ။ စစ်ဘေးရှောင်က ၁၀ ရွာလောက်တော့ရှိတယ်။ မြောင်တောင်ဘက် တစ်ခြမ်းလုံး နီးပါးဘဲ၊ အခုတော့ ဒီကောင်တွေ ကျောက်ရစ် စခန်းထဲတော့ ဝင်သွားပြီ" ဟု ၎င်းကပြောသည်။

မြောင်မြို့နယ် တောင်ဘက်ခြမ်းရှိ ချောင်းဆင်းရွာ၊ ရွှေဘုံသာရွာ၊ ဘူးကိုင်းရွာနှင့် အနီးအနားရှိ ရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒေသခံ ၃၀၀၀ ခန့် စစ်ဘေးရှောင် နေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly