ထားဝယ်မြို့နယ် မြင်းမတ်တပ်ရွာအနီး၌ PDF စခန်းကို စစ်တပ် တောနင်းရှာဖွေနေ

By ကိုရွှေမြိတ်
25 January 2022
ထားဝယ်မြို့နယ် မြင်းမတ်တပ်ရွာအနီး၌ PDF စခန်းကို စစ်တပ် တောနင်းရှာဖွေနေ

ဇန်နဝါရီ ၂၅

ထားဝယ်မြို့နယ်၊ ခေါင်တိုင်ပြင်ရွာဘက်ရှိ မြင်းမတ်တပ်ကျေးရွာ အနီးတစ်ဝိုက်တွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် အင်အား ၂၀၀ နီးပါးဖြင့် PDF စခန်းကို တောနင်း ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံ ရွာသားများထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် မြင်းမတ်တပ်ကျေးရွာ အနီး တစ်ဝိုက်တွင် မြေသယ်ယာဉ်များဖြင့် ဝင်ရာက်လာကာ တောနင်း ရှာဖွေနေခြင်း ဖြစ်ပြီး ဥယျာဉ်ခြံနှင့် တောအတွင်း ပြည်သူများ ဖြတ်သန်း သွားလာပါက ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ခေါင်တိုင်ပြင်ရွာ ဒေသခံ တစ်ဦးက "PDF စခန်းကို လာရှာတယ်လို့ ပြောတယ်။ ခြံတွေထဲ ဘယ်သူမှ မလာနဲ့ အရိပ်မြင်ရင် ပစ်မယ်လို့ စစ်တပ်က ခြိမ်းခြောက်ခဲ့တယ်" ဟုပြောသည်။

စစ်ကောင်စီတပ်များ PDF စခန်းကို တောနင်း ရှာဖွေမှုများ ပြုလုပ်နေ သော်လည်း အပြန်အလှန် ပစ်ခတ်မှုများ မရှိသေးဟု ဒေသခံက ဆိုသည်။

ယခု စစ်ကောင်စီတပ်များ အကြိမ်ကြိမ် တောနင်း ရှာဖွေနေသည့် နေရာသည် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၄) ထိန်းချုပ် နယ်မြေ ဖြစ်သော်လည်း KNU ဘက်မှ တုံ့ပြန် တိုက်ခိုက်မှု မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly