ဥရောပဆီ တာလီဘန်တွေ ပထမဆုံး လာရောက်မှုကို ကန့်ကွက်ဆန္ဒပြ 

ဥရောပဆီ တာလီဘန်တွေ ပထမဆုံး လာရောက်မှုကို ကန့်ကွက်ဆန္ဒပြ 

ဇန်နဝါရီ ၂၄

နော်ဝေနိုင်ငံဆီ တာလီဘန်ကိုယ်စားလှယ်အဖွဲ့ လာရောက်မှုကို ဆန္ဒပြသူဒါဇင်များစွာက အော်စလိုမြို့မှာ စုရုံးဆန္ဒပြကြပါတယ်။ သဘောထားတင်းမာတဲ့ အစ္စလာမ္မစ် တာလီဘန်အဖွဲ့အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အာဏာရပြီးချိန်ကစလို့ ဥရောပဆီ ပထမဆုံး ကိုယ်စားလှယ်အဖွဲ့ တနင်္ဂနွေနေ့မှာ ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ 

အနောက်အုပ်စု တာဝန်ရှိသူတွေနဲ့ မျှော်မှန်းထားတဲ့ အစည်းအဝေးတွေ မတိုင်ခင်မှာ အာဖဂန်အရပ်ဘက်အဖွဲ့အစည်း အဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေးကို ဦးတည်ချက်ထားပြီး တာလီဘန်ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးပွဲတွေ စတင်တာပဲ ဖြစ်ပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး အမီယာ ခန်း မူတာကီ ဦးဆောင်တဲ့ အခု ကိုယ်စားလှယ်အဖွဲ့ရဲ့ သုံးရက်တာ ခရီးစဉ် ပထမရက်မှာ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေရယ်၊ ဂျာနယ်လစ်တွေ အပါအဝင်ဖြစ်တဲ့ အရပ်ဘက်အဖွဲ့အစည်းဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ 

နော်ဝေက အကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့ အခု ဆွေးနွေးပွဲကို အော်စလိုမြို့ပြင်က ဆီးနှင်းဖုံးလွှမ်းရာ တောင်ကုန်းထပ်က ဆိုရီယာ မိုရီယာ ဟိုတယ်မှာ တံခါးပိတ် စည်းဝေးခဲ့တာ ဖြစ်ပြီး အာဖဂန်နစ္စတန်က လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းတွေကို ပစ်မှတ်ထား ဆွေးနွေးတယ်လို့ သိရပါတယ်။ 

အာဖဂန်နစ္စတန်ရဲ့ လူသားချင်းစာနာထောက်ထားရေး အခြေအနေဟာ တာလီဘန်တွေ ဖြုတ်ချခံရပြီး နှစ် ၂၀ ကြာမှာ အာဏာပြန်ရတဲ့ ဩဂုတ်လကစလို့ ယိုယွင်းဆိုးဝါးလျက် ရှိနေတာပါ။ 

တာလီဘန်တွေ အာဏာပြန်ရပြီးနောက်မှာ နိုင်ငံတကာ အကူအညီတွေကို ရပ်တန့်ထားတာဖြစ်တာကြောင့် ပြင်းထန်တဲ့ မိုးခေါင်မှုတွေကြောင့် ငတ်မွတ်ခေါင်းပါးမှုဘေး ရင်ဆိုင်နေရပြီးသား ပြည်သူသန်းပေါင်းများစွာအတွက် အကျပ်အတည်း ပိုပြီး ဆိုးဝါးလာရတာ ဖြစ်ပါတယ်။ 

၂၀၀၁ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက တာလီဘန်တွေကို ဖြုတ်ချခဲ့တာ ဖြစ်ပေမယ့် နိုင်ငံတကာတပ်တွေ အလျင်စလို ထွက်ခွာခဲ့ကြတဲ့နောက်မှာပဲ တာလီဘန်တွေဟာ အာဏာပြန်လည် ရရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ဘယ်နိုင်ငံကမှ တာလီဘန်အစိုးရကို အသိအမှတ် မပြုသေးဘဲ နော်ဝေနိုင်ငံခြားရေးဝန်ကြီးကလည်း အခု ဆွေးနွေးပွဲတွေဟာ တာလီဘန်တွေကို တရားဝင် အသိအမှတ်ပြုတာကို ကိုယ်စားမပြုဘူးလို့ အလေးအနက် ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly