ရေအောက်အင်တာနက်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် ပါကစ္စတန်၌ အင်တာနက်မြန်နှုန်း ကျဆင်း

ရေအောက်အင်တာနက်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် ပါကစ္စတန်၌ အင်တာနက်မြန်နှုန်း ကျဆင်း

ပင်လယ်ရေအောက် အင်တာနက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် ပါကစ္စတန်တွင် အင်တာနက်မြန်နှုန်းများ ကျင်းဆင်းနေခြင်းကို ပြင်ဆင်မည်ဟု ပါကစ္စတန် ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့(PTCL) က ကတိပြုထားသော်လည်း အဆင်ပြေခြင်း မရှိသေးပေ။

PTCL က စီမံခန့်ခွဲနေသည့် နိုင်ငံတကာ ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း SMW4 တွင် ချို့ယွင်းမှု ဖြစ်ပေါ်နေသဖြင့် အင်တာနက် အသုံးပြုမှုအများဆုံး အချိန်များအတွင်း မြန်နှုန်းကျဆင်းခြင်းကို ကြုံတွေ့ရနိုင်ကြောင်း News International က ဖော်ပြသည်။

ပါကစ္စတန်၌ အင်တာနက်မြန်နှုန်းများအပေါ် ထိခိုက်စေခဲ့သည့် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှုတစ်ခုကို ယမန်နှစ် ဒီဇင်ဘာလက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် PTCL သည် အင်တာနက်ကို အခြားသော ကေဘယ်လ်များနှင့် စတင် ပြောင်းလဲချိတ်ဆက်ထားခဲ့သည်။

ထို့ပြင် လိုင်းအားပိုမိုကောင်းမွန်စေရန် အခြားသော ဆက်ကြောင်းများကို စီစဉ်လုပ်ဆောင်ထားကြောင်း PTCL ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

"လာမယ့် ရက်အနည်းငယ်အတွင်း အင်တာနက်လိုင်းတွေကို ချဲ့ထွင်သွားမှာဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုကာလတွင် အင်တာနက်မြန်နှုန်းများအပေါ် အနည်းငယ် သက်ရောက်ထိခိုက်မှု ရှိလိမ့်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပါကစ္စတန်သည် အရှေ့တောင်အာရှ-အရှေ့အလယ်ပိုင်း-အနောက်ဥရောပ ၄ (SEA-ME-WE 4) ဆက်ကြောင်းနှင့် ချိတ်ဆက်ထားသည်။ အဆိုပါ ဖိုင်ဘာ ရေအောက် ဆက်သွယ်ရေး ကေဘယ်လ် ဆက်ကြောင်းသည် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ယူအေအီး၊ ဆော်ဒီအာရေးဗျ၊ ဆူဒန်၊ အီဂျစ်၊ အီတလီ၊ တူနီးရှား၊ အယ်လ်ဂျီးရီးယားနှင့် ပြင်သစ်တို့အကြား ဆက်သွယ်ချိတ်ဆက်သည့် ကေဘယ်လ်စနစ် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly