ပါကစ္စတန်၌ ခရီးရှည်လမ်းလျှောက်၍ အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မည်

By Zee5
24 January 2022
ပါကစ္စတန်၌ ခရီးရှည်လမ်းလျှောက်၍ အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မည်

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သော အစိုးရကို ဆန့်ကျင်ကြောင်း သဘောထားထုတ်ဖော်ရန်အတွက် အတိုက်အခံအုပ်စုက ဖေဖော်ဝါရီလအတွင်း ကရာချိမြို့မှ စပြီး ခရီးရှည် လမ်းလျှောက်ဆန္ဒပြမှုတစ်ခု လုပ်ဆောင်မည်ဟု ကြေညာထားသည်။

ထို ဆန္ဒပြပွဲတွင် အတိုက်အခံဘက်မှ တက်ကြွလှုပ်ရှားသူ ထောင်ချီ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ၏ ထုတ်ပြန်ချက်ကို the News International က ဖော်ပြသည်။

PPP ပါတီအနေဖြင့် ကရာချိမြို့၌ ဖေဖေါ်ဝါရီ ၂၇ ရက်တွင် ခရိုင်လယ်ဗယ်ဖြင့် ဆန္ဒပြမှုများ၊ လူထုစည်းဝေးပွဲများ နှင့် ထိုင်သပိတ်ဆင်နွှဲမှုများကို စီစဉ်သွားမည်ဖြစ်ကြောင်း PPP ၏ ကရာချိ နယ်မြေခွဲဆိုင်ရာ ဥက္ကဋ္ဌ ဆာအိဒ် ဂါနီက ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ဖော်ကြေညာသည်။ ဂါနီသည် ဆင်းန်ပြည်နယ်၏ ပြန်ကြားရေးနှင့် အလုပ်သမားဝန်ကြီးလည်း ဖြစ်သည်။

ဖက်ဒရယ်အစိုးရ၏ ညံ့ဖျင်းမှုကြောင့် နိုင်ငံတွင် သဘာဝဓာတ်ငွေ့ ရှားပါးမှု၊ အလုပ်လက်မဲ့မှုနှုန်း တိုးလာမှု၊ မရှိမဖြစ် လိုအပ်သည့် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှု ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပါတီဘက်က ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဂါနီက ပြောခဲ့သည်ဟု The News International က ဖော်ပြသည်။

လာမည့်လတွင် ကရာချိမြို့မှစတင်သည့် ခရီးရှည် လမ်းလျှောက်ချီတက်မှု စတင်ရေးအတွက် ပြင်ဆင်မှုများ စလုပ်နေပြီဖြစ်ကြောင်း ဂါနီက ပြောခဲ့သည်။

PPP ပါတီသည် အစိုးရ၏ မကျွမ်းကျင်မှုနှင့် အမြှော်အမြင်ကင်းမဲ့သော စီးပွားရေးမူဝါဒများအပေါ် ဆန့်ကျင်ပြီး မကြာသေးသော ကာလအတွင်း နိုင်ငံတဝန်း ဆန္ဒပြပွဲများကို လုပ်ဆောင်ထားခဲ့သည့် တစ်ခုတည်းသော

နိုင်ငံရေးပါတီ ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ အစိုးရ၏ မကျွမ်းကျင်မှုနှင့် အမြှော်အမြင်ကင်းမဲ့သော စီးပွားရေးမူဝါဒများကြောင့် မရှိမဖြစ် လိုအပ်သည့် ထုတ်ကုန်များ ဈေးနှုန်းမြင့်တက်မှု၊ အလုပ်လက်မဲ့မှုနှုန်း မြင့်တက်မှုနှင့် ဓာတ်ငွေ့မလုံလောက်သည့် အကျပ်အတည်းတို့ကို ဖြစ်ပေါ်စေခဲ့သည်ဟု ၎င်းက ပြောခဲ့ကြောင်း the News International က ဖော်ပြသည်။

လက်ရှိအစိုးရသည် စီမံအုပ်ချုပ်မှုနှင့် ဆက်နွယ်သည့် အရေးကိစ္စများကို စီမံခန့်ခွဲရာတွင် ကျွမ်းကျင်မှု မရှိဘဲ အရည်အချင်း မပြည့်မီသောကြောင့် လူဦးရေ သန်း ၂၂၀ ရှိသည့် နိုင်ငံသည် အလွန်ကြီးမားသည့် အခက်အခဲများကို ကြုံတွေ့ထားခဲ့ရသည်ဟု ဂါနီက ပြောခဲ့ကြောင်း ပါကစ္စတန်သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly