ပါကစ္စတန်၏ ကက်ရှ်မီးယားဒေသမှ ရေအားလျှပ်စစ် စီမံကိန်းကို အခွန်ပြဿနာကြောင့် တရုတ်က ရပ်ဆိုင်းမည်

ပါကစ္စတန်၏ ကက်ရှ်မီးယားဒေသမှ ရေအားလျှပ်စစ် စီမံကိန်းကို အခွန်ပြဿနာကြောင့် တရုတ်က ရပ်ဆိုင်းမည်

ပစ္စည်းဝယ်ယူတင်သွင်းမှုအတွက် တစ်သမတ်အခွန် ၁ရာခိုင်နှုန်း သတ်မှတ်မည့် ပြဿနာကြောင့် ပါကစ္စတန်တို့ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ (PoK) တွင် စီးပွားရေး စင်္ကြံစီမံကိန်းအရ တည်ဆောက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းကြီးကို တရုတ်ကုမ္ပဏီက ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း Dawn သတင်းဌာနက ရေးသားဖော်ပြထားသည်။

တရုပ်-ပါကစ္စတန် စီးပွားရေးစင်္ကြံစီမံကိန်း (CPEC) အရ ပြီးစီးအောင် တည်ဆောက်မည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းစီမံကိန်းကြီးအတွက် ကြီးမားသည့် အဟန့်အတား မဖြစ်စေရန် အစိုးရအနေဖြင့် ယခုပြဿနာကို အမြန်ဆုံး ဖြေရှင်းသင့်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

“ဒီပြဿနာကို မဖြေရှင်းဘူးဆိုရင် တရုတ်အနေနဲ့ CPEC ရဲ့ စီမံကိန်းတွေထဲကနေ ဒီအစီအစဉ်ကို ဖယ်ရှားသွားပါလိမ့်မယ်” ဟု အဆိုပါ အရာရှိက ပြောကြားသည်။

မဂ္ဂါဝပ် ၁၁၂၄ ထွက်ရှိမည့် ကိုဟာလာ ရေအားလျှပ်စစ်ဓာတ်ပေး စီမံကိန်းအတွက် ပြည်ပမှ လိုအပ်သည့်အရာများကို ဝယ်ယူရေးဆိုင်ရာ သဘောတူစာချုပ်ပေါ်တွင် တစ်သမတ်အခွန် ၁ ရာခိုင်နှုန်းကောက်ယူရန်နှင့် ၂၀၂၁ ခုနှစ် ဘဏ္ဍာရေး (ဖြည့်စွက်) ဥပဒေကြမ်းအရ တင်သွင်းမည့်

ဓာတ်အားများအတွက် အရောင်းခွန် ၁၇ ရာခိုင်နှုန်းကောက်ယူမည့် ပြဿနာတို့ကို ပါကစ္စတန်အစိုးရက အမြန်ဆုံး ဖြေရှင်းပေးရန် တရုတ်ကုမ္ပဏီက တောင်းဆိုခဲ့သည်။

ပြည်ပမှ ဝယ်ယူမည့်ပစ္စည်းများအတွက် ၁ ရာခိုင်နှုန်း အခွန်ကောက်ရန် အစီအစဉ်ကို PoK အာဏာပိုင်တို့က တရားဝင်မဆုံးရသေးသော်လည်း ယင်းကိစ္စကို ကုမ္ပဏီ ဘုတ်အဖွဲ့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု Dawn တွင် ရေးသားဖော်ပြထားသည်။

ပါကစ္စတန်တွင် စီးပွားရေး လုပ်ငန်းများအပေါ် ယုံကြည်မှုအားကောင်းစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို စွဲဆောင်နိုင်ရန် အဆိုပါ စီမံကိန်းကြီး၏ လုံခြုံရေးသည် အဓိကကျနေကြောင်း ပါကစ္စတန်၏ လွှတ်တော် ကော်မတီက ဇန်နဝါရီလအစောပိုင်းအတွင်း ပြောကြားသည်။

“စီးပွားရေးစင်္ကြံစီမံကိန်းရဲ့ လုံခြုံရေးက အထူးပင်အရေးကြီးပါတယ်။ စီမံကိန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ ဌာနအားလုံးက ဖြေရှင်းဆောင်ရွက်ဖို့နဲ့ စီမံကိန်း အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုပါတယ်” ဟု အဆိုပါကော်မတီဥက္ကဌ ရှီရာအလီအာဘတ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly