ဇန်နဝါရီ ၂၄
စဉ်ဆက်မပြတ် ခြိမ်းခြောက်နေတဲ့ ရုရှရဲ့ ကျူးကျော်မှုကြောင့် ယူကရိန်းနိုင်ငံကနေ ထွက်ခွာကြဖို့ မြို့တော် ကိယတ်ဗ်က ၎င်းရဲ့ သံတမန်မိသားစုတွေကို အမေရိကန်နိုင်ငံက အမိန့်ညွှန်ကြားချက်ထုတ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အမေရိကန်အနေနဲ့ မရှိမဖြစ် မဟုတ်တဲ့ သံတမန်ဝန်ထမ်းတွေကို ‘ကိုယ်ပိုင်ဆန္ဒအရ’ ယူကရိန်းကနေ ထွက်ခွာခွင့်ပြုထားသလို အရှေ့ဥရောပ ယူကရိန်းနိုင်ငံရောက် အမေရိကန်နိုင်ငံသားတွေကိုလည်း ‘လက်ရှိမှာ ထွက်ခွာရေးအတွက် စဉ်းစားကြတော့ရန်’ တိုက်တွန်းထားပါတယ်။ ဖြစ်လာနိုင်တဲ့ ရုရှကျူးကျော်မှုနောက်မှာ ကယ်ထုတ်နိုင်ဖို့ အခြေအနေရှိမှာ မဟုတ်ဘူးဆိုပြီးလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။
ရုရှနိုင်ငံဟာ တင့်ကားတွေ၊ တိုက်ခိုက်ရေးယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ဒုံးကျည်တွေနဲ့အတူ ယူကရိန်းနယ်စပ်မှာ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို တပ်ဖြန့်ချထားလျက် ရှိနေပါတယ်။
ဒီ လုပ်ဆောင်ချက်ကြောင့် အမေရိကန်နဲ့ ဥရောပက ပြင်းပြင်းထန်ထန် သတိပေးထားပေမယ့် လက်ရှိအထိ သံတမန်ရေး ကြိုးပမ်းမှုဟာ ရလဒ်အနည်းငယ်ပဲ ရှိနေဆဲဖြစ်ပါတယ်။
အမေရိကန်သံရုံးကို ဖွင့်ထားဆဲ ဖြစ်ပြီး တာဝန်ခံ ခရစ္စတီးနား ကာဗင်ဟာ လက်ရှိအထိ ယူကရိန်းမှာ ရှိနေဆဲပဲဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။
‘ဘယ်လို အချိန်အခါမဆို’ ရုရှ ကျူးကျော်မှု ဖြစ်လာနိုင်တယ်လို့ အိမ်ဖြူတော်ရဲ့ အစောပိုင်း သတိပေးချက်ကို အခု တာဝန်ရှိသူက ထပ်လောင်းပြောဆိုပါတယ်။
ဖြစ်လာနိုင်တဲ့ အရေးပေါ် အခြေအနေမျိုးမှာ အမေရိကန်အနေနဲ့ နိုင်ငံသားတွေကို ကယ်ထုတ်နိုင်ရေးဟာ အခွင့်မသာဘဲ ဖြစ်နိုင်တယ်လို့ သူက ပြောပြီး အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဖြစ်နိုင်သမျှ ယူကရိန်းကနေ ထွက်ခွာကြဖို့ကို တိုက်တွန်းပြောဆိုပါတယ်။
ယူကရိန်းမှာ အမေရိကန်နိုင်ငံသား ဘယ်လောက်အရေအတွက် ရှိတယ်ဆိုတာကို အခု တာဝန်ရှိသူက အတိအကျ မဆိုပေမယ့် ၁၀၀၀၀ နဲ့ ၁၅၀၀၀ ကြား ရှိမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လမှ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ရုရှ ကျူးကျော်နိုင်ခြေကြောင်း ယူကရိန်းနိုင်ငံဆီ မသွားဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အကြံပြုထုတ်ပြန်ထားပါတယ်။