ထားဝယ်မြို့တွင် ပြည်သူ ၈ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ညအချိန် ဝင်ရောက် ဖမ်းဆီး

By ကိုရွှေမြိတ်
23 January 2022
ထားဝယ်မြို့တွင် ပြည်သူ ၈ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ညအချိန် ဝင်ရောက် ဖမ်းဆီး

ဇန်နဝါရီ ၂၃

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ညပိုင်းတွင် ပြည်သူ ရှစ်ဦးကို အင်အားသုံး ဝင်ရောက် ဖမ်းခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့၏ အင်အားသုံး ဖမ်းဆီးခြင်း ခံရသည့် အမျိုးသား ရှစ်ဦး သည် ဇန်နဝါရီလ ၂၂ ရက် ည ၉ နာရီ အချိန်တွင် ထားဝယ်မြို့ပေါ် ရှိ ဥတ္တရံရပ်ကွက် တော်ဝင်လမ်းသွယ်တွင် နေထိုင်သည့် အခန်းတွဲ ပိုင်ရှင်နှင့် အခန်းငှား နေထိုင်သူများ ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထားဝယ်မြို့ခံ တစ်ဦးက "ဖမ်းခံလိုက်ရတဲ့ အမျိုးသား ရှစ်ဦးကို ဘာကြောင့် လာဖမ်းတယ် ဆိုတာ မသိပါဘူး ဖမ်းဆီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်တွေနဲ့ အင်အား တစ်ဆယ်ကျော်နဲ့ အိမ်စီးကား သုံးစီးနဲ့ လာဖမ်းသွား ပါတယ်"ဟု ပြောသည်။

ဖမ်းဆီးခံရသူများသည် ထားဝယ်မြို့တွင် သံဗန်းလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ကြောင်း၊ ၎င်းတို့မှာ အဖွဲ့လိုက်စု၍ နေထိုင်ကြခြင်းဖြစ်‌ ကြောင်း၊ အသက်အရွယ်အဖြင့် မည်သည့်အရွယ်များ ဖြစ်သည် အတိအကျ မသိရှိရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့က မည်သည့် အကြောင်းပြချက်ဖြင့် လာရောက်ဖမ်းဆီး သည်ကို မသိရှိရ သေးကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ပုံစာ - စစ်ကောင်စီလက်အောက်ခံ ရဲများ ကင်းလှည့်စဉ်။ (ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly