မခိုင်လုံသော သက်သေ အသံဖိုင်ဖြင့် ခရိုင်တရားရုံးက ထောင် ၂ နှစ်ချ

မခိုင်လုံသော သက်သေ အသံဖိုင်ဖြင့် ခရိုင်တရားရုံးက ထောင် ၂ နှစ်ချ
ဓါတ်ပုံ - အကိုဖြစ်သူ ဦးအောင်မျိုးမင်း နှင့် ညီမ ဖြစ်သူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း

ဇန်နဝါရီလ ၂၂ ရက်

ဧရာဝတီတိုင်း အိမ်မဲမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်၏ အကိုတစ်ဦးကို အခြားလူတစ်ဦး၏ ဖုန်းမှအသံကို အထောက်အထားအဖြစ် တရားရုံးမှ လက်ခံကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ 

ဧရာဝတီတိုင်း NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ် ရီရီထွန်း၏ အစ်ကို ဦးအောင်မျိုးမင်း အသက် ၃၈ နှစ်အား စစ်ကောင်စီ၏ တရားရုံးက ဖုန်းအသံဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။ 

ဦးအောင်မျိုးမင်း အသက် ၃၈ နှစ် အား ပုဒ်မ ၅၀၅-က ဖြင့် မြောင်းမြခရိုင် တရားရုံးမှ ဇန္နဝါရီလ ၂၀ ရက်နေ့က ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက် ခြင်း ဖြစ်သည်ဟု တရားရေးဌာန အသိုင်းအဝိုင်းမှ သိရသည်။

"မတ်လတုန်းက သူညီမ(ဒေါ်ရီရီထွန်း)ကို သတိထားဖို့ လူတစ်ယောက်က ကိုအောင်မျိုးမင်းဆီကို ဖုန်းနဲ့ လှမ်း ပြောတယ်။ ကိုအောင်မျိုးမင်းက ဟုတ်ကဲ့ လို့ပြန်ဖြေတယ် အဲ့ဒီ အသံဖိုင်နဲ့ စွဲချက်တင်ပြီး ထောင်ချလိုက်တာ" ဟု တရားရုံး နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ဒေါ်ရီရီထွန်းအား သတိထား၍ နေထိုင်ရန် ပြောဆိုသည့် အသံဖိုင်မှာ အကိုဖြစ်သူ ဦးအောင်မျိုးမင်း၏ ဖုန်းတွင်း မှ ရရှိခြင်း မဟုတ်ဘဲ စစ်ကောင်စီ အဖွဲ့မှ ရုံးတော်တွင် တင်ပြသည့် သက်သေ၏ ဖုန်းအတွင်းမှ အသံဖိုင် ဖြစ် သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။  

ဦးအောင်မျိုးမင်းသည် ၎င်း၏ အိမ်တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က ဖမ်း ဆီးခံခဲ့ရပြီး ၂ ရက် ခန့် အကြာတွင် ပြစ်ချက်မရှိ၍ ပြန်လွှတ်ပေးခဲ့ကာ ၃ ရက်ခန့် အကြာတွင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရခြင်း ဖြစ် သည်။

ထို့နောက် ယခုကဲ့သို့ ထောင်ဒဏ် ၂ နှစ် အမိန့်ချခံရခြင်း ဖြစ်သည်။

ညီမဖြစ်သူ တိုင်းလွှတ်တော် အမတ် ဒေါ်ရီရီထွန်း က ၎င်းနှင့် တစ်အိမ်တည်း အတူနေသည့် အစ်ကိုအရင်း ဖြစ် သူမှာ နိုင်ငံရေး နှင့် ပါတ်သက်မှု မရှိသည့်သူတစ်ဦးဖြစ်ပြီး အပြစ်မရှိပါဘဲ ထောင်ချခံရခြင်း ဖြစ်သည်ဟု ပြော သည်။

တရားလွှတ်တော် ရှေ့နေတစ်ဦး က “အသံဖိုင်ဆိုတာ အတုလုပ်လို့ရတယ်။ ထောင်ချောက်ဆင် မေးမြန်း ပြောဆို လို့ရတယ်။ ပြီးတော့ အသံဖိုင်နဲ့ ရုံးတော်ကို သက်သေ တင်ပြလို့ မရဘူး။ မခိုင်လုံတဲ့ သက်သေတင်ပြမှုပါ” ဟု ပြောသည်။

ဦးအောင်မျိုးမင်း၏ ညီမအရင်းဖြစ်သူ အသက် ၃၅ နှစ်ဝန်းကျင်ရှိ NLD ပါတီမှ ဒေါ်ရီရီထွန်းသည် ၂၀၁၅ ခုနှစ်က အိမ်မဲ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး လွှတ်တော် ငွေစာရင်းရေးရာကော်မတီဝင် ဖြစ်ကာ ၂၀၂၀ ခုနှစ် တွင်လည်း တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံ ရွေးချယ်ခံထားရသူ ဖြစ်သည်။

လက်ရှိအခြေအနေတွင် တိုင်းလွှတ်တော်အမတ် ဒေါ်ရီရီထွန်းအား စစ်ကောင်စီ က ပုဒ်မ ၂၅၊ ၁၈၈၊ ၅၀၅၊ ၁၂၂ ၊ ၁၂၄ တို့ဖြင့် ဝရမ်းထုတ်ထားကြောင်း NLD ပါတီအသိုင်း အဝိုင်း ကသိရသည်။

ဇန္နဝါရီလ ၁၆ ရက်နေ့ တွင်လည်း မအူပင်မြို့နယ်မှ NLD ပြည်သူ့လွှတ်တော်အမတ် ဒေါ်အိအိပြုံး၏ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့က ဒုတိယအကြိမ် ဝင်ရောက် စီးနင်းခဲ့ပြီး ဖခင်ဖြစ်သူ ဦးခင်ဝင်းကို အကြောင်းမဲ့ ဖမ်းဆီး သွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required