ရွှေဘိုမြို့ အနောက်ဘက်ရှိ ရွာများကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထား၊ မြို့နယ် လျှပ်စစ်ရုံးအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် ဒေသခံ PDF သတိပေး

ရွှေဘိုမြို့ အနောက်ဘက်ရှိ ရွာများကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထား၊ မြို့နယ် လျှပ်စစ်ရုံးအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် ဒေသခံ PDF သတိပေး
ဓာတ်ပုံ - ရွှေဘိုမြို့နယ် ရွာတစ်ရွာမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း

ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက်ရှိ ကျေးရွာများအား စစ်ကောင်စီမှ လျှပ်စစ်မီးဖြတ်တောက်ထားမှုကို မြို့နယ် လျှပ်စစ်ရုံးအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် ဒေသခံ SNAKE EYES PDF က ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် သတိပေးထုတ်ပြန်လိုက်သည်။

" စစ်ကြောင်းမထိုးခင် အရင်က စဖြတ်လိုက်တာပါ။ သူတို့ဘက်ကတော့ ဘာလို့ဖြတ်တယ်ဆိုတာ အကြောင်းမကြားပါဘူးဗျ။ ကျနော်တို့ ဒေသက လျှပ်စီးမီးပေါ်မှီခိုပြီး စက်ရက်ကန်းလုပ်ကြတာပါ။

မီးမရတော့ လုပ်ငန်းရှင်တွေရော အလုပ်သမားတွေ တစ်ပိုင်တစ်နိုင်လုပ်ကြတဲ့လူတွေအကုန်လုံး ဒုက္ခရောက်နေကြတယ်‌။ အဓိက စီးပွားရေး ရက်ကန်းလုပ်ငန်းက မလည်ပတ်ရတော့ တချို့ငွေကြိုပေးယူပြီး လုပ်ရတဲ့လူတွေအတွက် အကြွေးတွေတရစ်ရစ်နဲ့ ဒုက္ခရောက်နေကြတယ်။ ကျွန်တော်တို့ဘက်ကတော့ မြို့နယ်လျှပ်စစ်ရုံးကို ဖြေရှင်းပေးဖို့ ပြောဆိုထားပါတယ်" ဟု SNAKE EYES PDF တပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီသည် ရွှေဘိုမြို့ အနောက်ခြမ်းရှိ ဆိပ်ခွန်၊ အိုးဘို၊ ကင်းဗျား၊ ဗိုလ်တည်းကုန်း၊ ထန်းဇင်၊ နံ့သာ၊ ဆိပ်သာ၊ တင့်တယ်၊ ကျောက်မြင့်၊ စောင်တန်း၊ ထူးကြီး၊ တည်ပင်၊ သန်းတော၊ သံပုရာခြံ၊ သပြေကန်၊ ရေကြည်ဝ၊ ကြောင်လျှာတောနှင့် ရုံးတော စသည့် ရွာများကို ချီပါရွာအနီး လိုင်းခွဲတစ်ခုမှလျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားသည်မှာ ခုနစ် ရက်ခန့် ကြာမြင့်ပြီ ဖြစ်သည်ဟု သိရသည်။

" စကစ(စစ်ကောင်စီ)က ခြောက်ရက်နေ့ နောက်ဆုံး ထားပြီး မီတာကြေးဆောင်ခိုင်းတယ် ။ ဘယ်သူမှ မဆောင်ကျဘူး။ ၁၅ ရက်နေ့မှာ ဖြတ်သွားတယ်။ ရက်ကန်းရုံတွေ၊ ဆန်စက် ၊ ဆိီစက်တွေ လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ရပ်ဆိုင်းသွားပါတယ်။ ကျွန်တော်တို့တွေ တော်တော် ဒုက္ခရောက်နေတယ်" ဟု ဒေသခံ တစ်ဦးက ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းများက နိုင်ငံတစ်ဝန်း၌ လျှပ်စစ်မီတာခများ ခြိမ်းခြောက် ကောက်ခံနေပြီး မီတာခမဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်လျက် ရှိသည်။

အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေသည့် စစ်အုပ်စုကို သက်ဆိုးရှည်စေမည့် လျှပ်စစ်မီတာခ အပါအဝင် အခွန်အခများ ပေးဆောင်ခြင်းများ မပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ဇန်နဝါရီ ၅ရက်ကလည်း ရွှေဘိုမြို့နယ် အနောက်ခြမ်း ကျေးရွာများသို့ လက်နက်ပြကာ လျှပ်စစ်မီတာခများ လိုက်လံခြိမ်းခြောက် ကောက်ခံနေသည့် စစ်ကောင်စီတပ်သားများကို ဆိပ်ခွန်ကျေးရွာအနီးတွင် ဒေသခံ မဟာမိတ် သုံးဖွဲ့က ရှေ့ထွက် မိုင်း သုံးလုံး၊ ပဒေသာမိုင်း ခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required