ရေဦးမြို့နယ် ရွာမိသာရွာ တိုက်ပွဲတွင် ဒေသခံ ကာကွယ်ရေးတပ်သား ၇ ဦးကျဆုံး

ရေဦးမြို့နယ် ရွာမိသာရွာ တိုက်ပွဲတွင် ဒေသခံ ကာကွယ်ရေးတပ်သား ၇ ဦးကျဆုံး

ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွာမိသာရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ကာကွယ်ရေး တပ်သား ခုနှစ်ဦး ကျဆုံးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်အား ခုခံ တိုက်ခိုက်ခဲ့သည့် ကာကွယ်ရေးတပ်မှ ကျဆုံးခဲ့သူ ခုနှစ်ဦးကို နေ့တွင်းချင်း သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

"ရဲဘော်တို့ ဖက်ဒရယ် ဒီမိုကရေစီ အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ဖြစ်သည့်အတွက် ငြိမ်းချမ်းစွာ အနားယူပါတော့ ပြည်သူချစ် ရဲဘော်တို့ရယ်" ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အား မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ ရဲဘော်များ ကျဆုံးမှု မှန်ကန် သော်လည်း အသေးစိတ်ကို ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသည်။

ယင်းတိုက်ပွဲ အပြီး ရေဦး-မုံရွာ လမ်းမကြီး၊ ရေဦး-တန့်ဆည်-ကလေးဝ လမ်းမကြီး၊ ရေဦး-တမတော-ကံထူးမ လမ်းများ အသုံးပြုပြီး ကုန်စည် ပို့ဆောင်နေသည့် မည်သည့်ကား အမျိုးအစားမဆို နောက်ပိုင်း ကိုယ်ထည်ကို မိုးကာများဖြင့် လည်းကောင်း၊ အခြားနည်း တစ်နည်းနည်းဖြင့် လည်းကောင်း ဖုံးအုပ်ထားခြင်း လုံးဝ မပြုလုပ်ရန် ရေဦး ပ.က.ဖ က ထုတ်ပြန်ထားသည်။ မလိုက်နာပါက အကျိုးဆက်ကို တာဝန်မယူကြောင်း ဆိုသည်။

အဆိုပါ လမ်းမကြီးပေါ်တွင် ည ၇ နာရီ မှ နံနက် ၆ နာရီအတွင်း မမောင်းနှင်ရန် ကြေငြာထားပြီး ထုတ်ပြန်ချက်မှာ ယနေ့ ဇန်နဝါရီ ၂၂ ရက်တွင် စတင် အကြုံးဝင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required