အင်းတော်မြို့နယ်တွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲဖြစ် စစ်ကူလာသော ယာဥ်အား မိုင်းဆွဲတိုက်ခိုက်

အင်းတော်မြို့နယ်တွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲဖြစ် စစ်ကူလာသော ယာဥ်အား မိုင်းဆွဲတိုက်ခိုက်

ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်-နဘား-နန့်စီးအောင်-မော်လူး လမ်းပိုင်းရှိ နဘားရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ဇန်နဝါရီလ ၂၁ ရက် နေ့လယ် ၁၁နာရီခန့်တွင် အလစ်အငိုက်တိုက်ခိုက်ခဲ့ကြောင်း Indaw Revolution-IR အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအပြီး ညနေ ၆နာရီ ၃၀မိနစ်အချိန်ခန့်တွင် စစ်ကူလာသော စစ်ကောင်စီယာဥ် နှစ်စီးအား မော်လူးမြို့နှင့် ပေကုန်းရွာကြားတွင် မိိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Indaw Revolution-IR အဖွဲ့ ထံမှ သိရသည်။

"နဘားရွာဘက်က တက်လာတဲ့ စခ(စစ်ကောင်စီ) ၃၀ကို ကြားဖြတ်ဝင်တိုက်တာ၊ ကိုယ့်ဘက်က အရင်ဆော်ပစ်တာပေါ့။ လက်နက်ကြီး သုံးပြီး ထုတာဗျ၊ သူတို့ဘက်က အဲ့အချိန် ပြာပြီး ထွက်ပြေးကုန်တာ။ ကျွန်တော်တို့ ဆုတ်နေတဲ့အချိန် သူတို့က လက်နက်ကြီးတွေနဲ့ ထုတာဗျ။ စစ်ကောင်စီ ထုတဲ့ လက်နက်ကြီးက လမ်းက ပြည်သူကားသမား တစ်ယောက် ထိမှန်ပြီး သေတယ်ဗျ"ဟု Indaw Revolution-IR အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါထိတွေ့မှုတွင် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကာ စစ်ကောင်စီမှ အနီးတစ်ဝိုက်ကို လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ရသည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက နန့်စီးအောင်မြို့နှင့် အင်းတော်မြို့ကို ထိန်းနိုင်ရန် ကြိုးစားနေသည်ဟုလည်း ဒေသခံထံမှ သိရသည်။

"စစ်ကောင်စီကား သုံးစီးက ပင်ဝယ်ရွာဘက် နေ့လယ်က တိုက်ပွဲကြောင့် လာတယ်ထင်တယ်ဗျ၊အထက်က အောက်ကို ဆင်းလာတာ။ နန်စီးအောင်ကအထက်ပေါ့ ပင်ဝယ်ဘက်ဆင်းလာတာ၊ပင်ဝယ်ကနေ နန့်စီးအောင်ကို ပြန်လာတဲ့လမ်းမှာ ဆော်လိုက်တာ။ ကျွန်တော်တို့ဘက်က တစ်ယောက်တော့ ထိသွားတယ်။ မစိုးရိမ်ရဘူး"ဟု ၎င်းကပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ သုံးပွင့်ဗိုလ်တစ်ဦး အပါအဝင် ၁၁ဦး ခန့်သေဆုံးပြီး ၂၀ဦးခန့်ဒဏ်ရာရရှိခဲ့ကာ ဒေသခံကာကွယ်ရေးဘက်မှ တစ်ဦးဒဏ်ရာ ရရှိကာမစိုးရိမ်ရကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို KIA နှင့် I.PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၁၈ ရက်ကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်ရှိ ကသာမှ မော်လူးသို့ဦးတည်မောင်းနှင်လာသော စစ်ကောင်စီပိုင်ဘီယာများတင်ဆောင်လာသော ကားအား ဒေသခံကာကွယ်ရေးတပ်က ဖမ်းဆီးဖျက်ဆီးခဲ့သေးသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required