မွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲခံရသည့် မြန်မာစစ်ကောင်စီထံ အီရန်က စစ်လက်နက်များ ပေးပို့နေ 

မွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲခံရသည့် မြန်မာစစ်ကောင်စီထံ အီရန်က စစ်လက်နက်များ ပေးပို့နေ 

ဇန်နဝါရီ ၂၂

မွတ်စလင်လူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲခံထားရသော အုပ်ချုပ်သူထံ အီရန်အစိုးရ၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် IRGC က စစ်လက်နက်များ ပေးပို့နေသည်ဟု ကြာသပတေးနေ့၌ သတင်းတစ်ရပ်က ဆိုသည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၌ စစ်အာဏာသိမ်းပြီး ဒီမိုကရေစီ အဆုံးသတ်ခဲ့သော မြန်မာနိုင်ငံဆီ အီရန်လေယာဉ်များ ဆင်းသက်လျက်ရှိသည်ဟု Asia Times သတင်းဌာန၏ စုံစမ်းထောက်လှမ်းမှုအရ သိရသည်။ 

အီရန်၏ ထိုသို့ ရောက်ရှိမှုသည် စစ်တပ်ချင်း လျှို့ဝှက်ပူးပေါင်းဆောင်ရွက်နေကြသည်ဟူသော ထင်ကြေးများကို မြင့်တက်စေသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော စစ်ကောင်စီထံ လက်နက်ရောင်းချခွင့် ပိတ်ပင်ရေး နိုင်ငံတကာက ဆော်ဩနေသည့်ကြား၌ အီရန်သည် စစ်လက်နက်များ ရောင်းချနေနိုင်သည်ဟု ထင်မြင်စရာ ရှိနေသည်။ 

ဇန်နဝါရီ ၁၃ ရက်က အီရန်ကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်မြောက်ဖြစ်သည်ဟု အမည်မဖော်သည့် သံတမန်သတင်းရင်းမြစ်ကို ကိုးကားပြီး Asia Times သတင်းက ဖော်ပြထားသည်။ 

အီရန်သည် လက်ဘနွန်က ဟစ်ဘိုလာ၊ ယီမင်က ဟူသီနှင့် အီရတ်က ရှီယိုက်အစ္စလာမ္မစ် အကြမ်းဖက်အုပ်စုများအား စစ်ရေးစစ်ရာ နောက်ခံပြုမှု တိုးချဲ့ပေးလျက် ရှိနေသည်။ သို့ရာတွင် ရုရှနှင့် တရုတ်အပြင် အိန္ဒိယိကိုပါ စစ်လက်နက်နှင့် ပတ်သတ်ပြီး မှီခိုနေရသည့် မြန်မာနှင့် အီရန်၏ စစ်တပ်ချင်း ဆက်ဆံမှုကို မသိရပေ။ 

မြန်မာစစ်တပ်သည် ၂၀၁၇ ခုနှစ်အတွင်းက မွတ်စလင် ရိုဟင်ဂျာများအပေါ် ရက်စက်သည့် ရှင်းလင်းရေးများ ဆောင်ရွက်ခဲ့သည်။ အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခြင်း၊ အမြောက်အမြား အဓမ္မပြုကျင်ခြင်းနှင့် အခြားသော နိုင်ထက်စီးနင်းပြုကျင့်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဒုက္ခသည်များစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယင်းသို့ ရက်စက်မှုများကို ဆန့်ကျင်သည့် နိုင်ငံများတွင် အီရန်ပါ ပါဝင်ခဲ့ပြီး ခေါင်းဆောင်အချို့က ရိုဟင်ဂျာများကို ကာကွယ်ရန် ‘ပူးပေါင်း အစ္စလာမ္မစ်စစ်တပ်’ ဖွဲ့စည်းရန်အထိ ဆော်ဩခဲ့ကြသည်။ 

ပြီးခဲ့သည့် ကြာသပတေးနေ့၌ အီရန်၏ ဒုတိယအကြီးဆုံး Mashhad မြို့မှ အီရန်လေကြောင်းလိုင်း Qeshm Fars Air မှ လေယာဉ်တစ်စင်း မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ကြောင်း Asia Times မြင်တွေ့ခဲ့ရသည့် လေကြောင်းအသွားအလာ ခြေရာကောက် အချက်အလက်များအရ သိရသည်။ ထိုလေယာဉ်သည် နောက်တစ်နေ့၌ မြန်မာနိုင်ငံမှ အီရန်နိုင်ငံသို့ ပြန်လာခဲ့သည်။ 

Qeshm Fars Air လေကြောင်းလိုင်းမှာ အီရန်တော်လှန်ရေးတပ်၏ ပြည်ပလက်ရုံးဖြစ်သည့် Quds Force တပ်ဖွဲ့ ကိုယ်စား ဆီးရီးယားသို့ လက်နက်များ တင်ပို့နေသည် စွပ်စွဲချက်ဖြင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ တွင် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားခြင်း ဖြစ်သည်။ 

“မြန်မာစစ်ကောင်စီနဲ့ စစ်ရေးဆက်ဆံတာနဲ့ အီရန်လို နိုင်ငံမျိုးဟာ စိုးရိမ်ဖွယ်ရာ အခြေအနေပဲဆိုပြီး ပြောနိုင်ပါတယ်၊ မြန်မာပြည်သူတွေကို ရက်စက်ရုံသာမက ဒေသတွင်းနဲ့ နိုင်ငံတကာ လုံခြုံရေးကိုပါ ခြိမ်းခြောက်ရာ မြောက်ပါတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က Asia Times သို့ ပြောသည်။ 

အာဏာသိမ်းပြီးချိန်မှစကာ လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်ခံရသည့် အရပ်သားပေါင်း ၁၄၀၀ ကျော်ထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီပေးရေးအဖွဲ့ AAPP အရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly