လှိုင်သာယာ စစ်ကောင်စီတပ် အထည်ချုပ်စက်ရုံနှင့် စစ်ကား ဗုံးခွဲတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ ဟုဆို

လှိုင်သာယာ စစ်ကောင်စီတပ် အထည်ချုပ်စက်ရုံနှင့် စစ်ကား ဗုံးခွဲတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ ဟုဆို
ဓာတ်ပုံ - စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် စစ်ကောင်စီတပ် အထည်ချုပ်စက်ရုံ

ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (၅) ထိပ် မှတ်တိုင်အနီးရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် စစ်ကောင်စီတပ် အထည်ချုပ်စက်ရုံနှင့် ကင်းလှည့် စစ်ကားကို From Zero To Hero ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု ရှိနိုင်သည်ဟု တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက် မနက် ၅ နာရီ မိနစ် ၃၀ တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် တပ်မတော် အထည်ချုပ်စက်ရုံကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ ဗုံးပေါက်ကွဲရာ နေရာသို့ သွားရန် တပ်ရင်း (၉) မှ ထွက်လာသည့် စစ်ကား တစ်စီးကိုလည်း BOC မီးပွိုင့်အနီးတွင် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

"ထိခိုက် သေဆုံးမှု ရှိပါတယ်။ ကျွန်တော်တို့လည်း မြို့ပြဆိုတော့ အတိအကျ မကြည့်လိုက်နိုင်ဘူးဗျ။ ကားကိုတော့ ထိသွားတယ်။ ဘယ်လောက် ပျက်စီးလဲ ဆိုတာတော့ မသိရဘူးဗျ။ ဆေးရုံကားတွေ ရောက်လာတယ်တော့ ပတ်ဝန်းကျင်က ပြောကြပါတယ်" ဟု From Zero To Hero ပျောက်ကြားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လှိုင်သာယာမြိုနယ်ကို မီးဖြတ်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိ ပြည်သူများ ပုံမှန်အတိုင်း သွားလာနေကြောင်း သိရသည်။

"မနက်အစောကြီး ထပေါက်တာ၊ အစောပိုင်း လူခြေတိတ်ချိန် ဆိုတော့ အသံက အတော်ကျယ်တာ၊ ပထမ ကားဘီး ပေါက်တာလို့ ထင်တာ၊ နောက်မိနစ်ပိုင်း ကြာတော့ နောက်တစ်လုံး ပေါက်သံကြားမှ ဗုံးပေါက်မှန်း သိတာ" ဟု ဒေသခံ တစ်ဦးက ဆိုသည်။

တော်လှန်ရေး မုန်တိုင်းကြမ်းတွင် လှိုင်သာယာသားများ သွေးမအေးဘဲ တိုက်ပွဲဝင်နေပြီး တော်လှန်ရေး အောင်မြင်စေရေး ပြည်သူများ ပါဝင်ကူညီပေးရန် လိုအပ်ကြောင်း From Zero To Hero အဖွဲ့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required