ပါကစ္စတန် ကွက်တာမြို့၌ ဆန္ဒပြဆရာဝန်များကို ရဲများက နံပါတ်တုတ်ဖြင့် ရိုက်နှက်ဖြိုခွင်း

By Latestly
22 January 2022
ပါကစ္စတန် ကွက်တာမြို့၌ ဆန္ဒပြဆရာဝန်များကို ရဲများက နံပါတ်တုတ်ဖြင့် ရိုက်နှက်ဖြိုခွင်း

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ကွက်တာမြို့တွင် အစိုးရဆေးရုံများ၏ လုပ်ငန်းခွင် အခြေအနေများ တိုးတက်ကောင်းမွန်စေရေး တောင်းဆိုဆန္ဒပြခဲ့ကြသည့် ဆရာဝန်များကို ရဲများက နံပါတ်တုတ်ဖြင့် ရိုက်နှက် ဖြိုခွင်းခဲ့ပြီး လူငယ်ဆရာဝန် ၂၀ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ကွက်တာမြို့၌ ဆန္ဒပြမှုများကို ပိတ်ပင်တားမြစ်ထားသော ဧရိယာတစ်ခုဖြစ်သည့် အနီရောင်ဇုန်ထဲသို့ ဇန်နဝါရီ ၁၂ ရက်တွင် ဆန္ဒပြဆရာဝန်များက ဝင်ရောက်ရန် ကြိုးပမ်းခဲ့ချိန် ရဲများ၏ ဖြိုခွင်းမှုကို ခံခဲ့ရခြင်းဖြစ်သည်။

ရဲများသည် ဆန္ဒပြဆရာဝန်များကို နံပါတ်တုတ်ဖြင့် ရိုက်နှက် ဖြိုခွင်းခဲ့ပြီး အနီရောင်ဇုန်အတွင်း ဆန္ဒပြသူများ ဝင်ရောက်မလာစေရန် တားမြစ်ခဲ့ကြသည်။

ဆန္ဒပြဆရာဝန်များသည် လူနာဆေးကုသမှုအတွက် လိုအပ်သော ဆေးဝါးများနှင့် ခေတ်မီပစ္စည်းကိရိယာများ ရရှိနိုင်ရေးနှင့် အစိုးရဆေးရုံများ၌ အလုပ်လုပ်ကိုင်ရသည့် လုပ်ငန်းခွင်အခြေအနေများ အလုံးစုံ တိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နေအိမ် အပြင်ဘက်၌ ဆန္ဒပြတောင်းဆိုရန် အနီရောင်ဇုန်ဧရိယာထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကြောင်း Dawn သတင်းဌာနက ဖော်ပြထားသည်။

ဆန္ဒပြမှုအတွင်း ဆရာဝန်များနှင့် ဆေးဘက်အကူဝန်ထမ်း ၁၀ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

လူငယ်ဆရာဝန်များသည် ဆန်ဒီမန် ဆေးရုံကနေ မြို့၏ အနီရောင်ဇုန်သို့ ဦးတည်ပြီး စတင်ချီတက်ခဲ့ကြစဉ် ရဲများနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ယင်းနောက် ဖမ်းဆီးခံရမှုများနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ရဲများသည် အန်စကွန့်ဘ် လမ်းပေါ်ရှိ နေရာများတွင် သံဆူးကြိုးများဖြင့် ပိတ်ဆို့ခဲ့ပြီး ယာဉ်အသွားအလာကို အခြားလမ်းကြောင်းများသို့ လမ်းလွှဲခဲ့ကြောင်း Dawn က ဖော်ပြသည်။

ဆရာဝန်များနှင့် ဆေးဘက်အကူဝန်ထမ်းများအနေဖြင့် ပိုမိုကောင်းမွန်သည့် လစာဝင်ငွေများ ရရှိသင့်ပြီး လုံခြုံရေးထောက်ပံ့မှု ရသင့်သည်ဟု ဆန္ဒပြဆရာဝန်များက တောင်းဆိုခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly