တရုတ်အစိုးရက ပေကျင်း ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲလက်မှတ်များ အများပြည်သူများကို ရောင်းချမည်မဟုတ်ကြောင်း ကြေညာ

တရုတ်အစိုးရက ပေကျင်း ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲလက်မှတ်များ အများပြည်သူများကို ရောင်းချမည်မဟုတ်ကြောင်း ကြေညာ

ပေကျင်းဆောင်းရာသီ အိုလံပစ်နှင့် မသန်စွမ်း အားကစားပြိုင်ပွဲ လက်မှတ်များအများပြည်သူများကို ရောင်းချမည် မဟုတ်ကြောင်း ဇန်နဝါရီလ ၁၇ရက်တွင် တရုတ်အစိုးရက ကြေညာလိုက်သည်။

တရုတ်တွင် ကူးစက်မှုများလာသည့် Omicron ကိုရိုနာဗိုင်းရပ်မျိုးကွဲ အစုလိုက်အပြုံလိုက် ကူးစက်မှုများကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ကြောင်း စီစဉ်သူများက ပြောကြားသည်ဟု ကျိုဒိုသတင်းတွင် ဖော်ပြထားသည်။

ကိုဗစ်- ၁၉ နောက်ထပ် ဖြစ်ပွားမှု တားဆီးရန် ဖေဖော်ဝါရီ ၄ ရက်တွင် စတင်မည့် အားကစားပွဲတွင် ပွဲကြည့်လက်မှတ်များကို အစိုးရအဖွဲ့အစည်းများနှင့် အစိုးရပိုင် ကုမ္ပဏီမှ တစ်ဆင့်သာ ကန့်ကတ် ထားသည့် လူအနည်းစုထံကိုသာ ဖြန့်ဝေပေးမည်ဖြစ်သည်။

သစ်လွင် ဘေးကင်းပြီး ခမ်းနားသော အိုလံပစ်ပြိုင်ပွဲကို ကမ္ဘာသို့ တိုက်ရိုက်တင်ပြနိုင်မည်ဟု ယုံကြည်ကြောင်း ဇန်နဝါရီလ ၁၇ရက်တွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် အွန်လိုင်းမိန့်ခွန်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

၂၀၂၁ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတကာ အိုလံပစ်ကော်မတီက ပေကျင်းအားကစားပွဲတော်တွင် ဗိုင်းရပ်စ် ပြန့်ပွားမှု တိုက်ဖျက်ရေးအတွက် အခြေခံကျကျ လုပ်ဆောင်မည့်အဆင့်များကို ထုတ်ဖော်ပြောကြားခဲ့ပြီး တရုတ်ပြည်သူများမှအပ တခြား ပရိသတ်အားလုံးကို တားမြစ်ထားကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြထားသည်။

"ကိုဗစ်-၁၉ အစီအမံများနှင့် ကိုက်ညီပြီး တရုတ်နိုင်ငံတွင် နေထိုင်သည့် ပရိသတ်များအတွက်သာ လက်မှတ်များကို သီးသန့်ရောင်းချပေးမည်" ဟု နိုင်ငံတကာ အိုလံပစ်ကော်မတီက (IOC )မှ ထိုအချိန်က သတင်းထုတ်ပြန်ချက်တွင် ပြောကြား ခဲ့သည်။

ကပ်ရောဂါကြောင့် တစ်နှစ်ရွှေ့ဆိုင်းခဲ့သည့် တိုကျိုအားကစားပွဲတော်ကို ပြီးခဲ့သည့်နှစ်နွေရာသီက ထိုင်ခုံ အားလုံးနီးပါးတွင် ပရိသတ်မပါဘဲ ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly