ပုလဲမြို့နယ်အတွင်း စစ်ပြေးဒုက္ခသည်များ တိုးပွား

ပုလဲမြို့နယ်အတွင်း စစ်ပြေးဒုက္ခသည်များ တိုးပွား

ဇန်နဝါရီလ ၂၁ ရက်

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင်းရှိ ဦးနှောက်ကျေးရွာတွင် စစ်ကောင်စီတပ်များက စစ်ရဟတ်ယာဉ်များသုံးကာတိုက်ခိုက်ပြီး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြုလုပ်သည့်နောက်ဆက်တွဲက ဒေသအတွင်းကျေးရွာများတွင် နေထိုင်သူများကို စစ်ပြေးဒုက္ခသည်များဖြစ်ပေါ်လာစေခဲ့သည်။

ဇန်နဝါရီလ ၁၀ရက်နေ့က ဦးနှောက်ရွာတွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဥ်  ရဟတ်ယာဉ်သုံးစီးဖြင့်တိုက်ခိုက်ပြီး ကျေးရွာသား ၂၇ ဦးကိုသတ်ဖြတ်ပြီး၂၀ ကျော်ကိုဖမ်းဆီးသွားခဲ့သည်။

အစည်းအဝေးစတင်ချိန်တွင်ရောက်လာသော ရဟတ်ယာဉ်များအနက် နှစ်စီးကပစ်ပြီး နောက်တစ်စီးက စစ်ကောင်စီတပ်များကိုချပေးကာ ညကတည်းက ကြိုတင်ကင်းပုန်းဝပ်နေသောတပ်များနှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လူပေါင်း ၁၀၀ ခန့်အဝိုင်းခံခဲ့ရပြီး တစ်ချို့ကိုတော့ ညှင်းပန်းနှိပ်စက်ကာ ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါဖြစ်စဥ်ကြောင့် ပုလဲမြို့နယ်တစ်ဝှမ်း ရွာပေါင်း၂၀၀ ကျော်ရှိသည့်အနက် ထက်ဝက်ခန့်က ကျေးရွာသူကျေးရွာသားများမှာ အိုးအိမ်များ မွေးမြူထားသော ကျွဲနွားများစွန့်ခွာက ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရသည်။ 

နီးစပ်ရာတောထဲနှင့် ဘုန်းကြီးကျောင်းများသို့ခိုလှုံနေရသည့် စစ်ဘေးရှောင်အရေအတွက်ကို အတိကျမသိနိုင်သေးဘဲ စာရင်းကောက်ခံနေဆဲဖြစ်သည်ဟု  မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ ပကဖ အနေနဲ့ အဲ့ရွာမှာ ပွဲရှိတာကို မသိလိုက်ဘူး၊ဖြစ်သွားပီးမှသိလိုက်တာ၊အဖွဲ့တွေကို အကြောင်းကြားပြီး လုပ်စရာရှိတာတွေလုပ်ဖို့သွားရတာ။ အခုဆိုရင်ဦးနှောက်ရွာကရွာပျက်ကြီးဖြစ်သွားပီဘယ်သူမှမနေရဲကျတော့ဘူး။... အဲ့အတွက်ကြောင့်စစ်ကောင်စီကိုမကျေနပ်ဘူး၊လူမဆန်တဲ့လုပ်ရပ်လုပ်သွားတယ်လို့မြင်တယ် "ဟု ပုလဲပြည်သူသူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကပြောသည်။

ဦးနှောက်ရွာဖြစ်စဥ်တွင် ဖမ်းဆီးသွားသောသူများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်စစ်ကြောရေးသို့ပို့ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရသိရသည်။

" ဦးနှောက်ကျေးရွာဖြစ်စဥ်ပြီးတပြိုင်ထဲကို ကျွန်တော်တို့ဖွင့်ထားတဲ့ဆေးရုံလဲအဝိုင်းခံရတယ်၊ကျွန်တော်တို့ကကြိုတင်ရွှေ့ထားလို့သာအဖမ်းမခံရတာ"ဟု ပကဖအဖွဲ့ဝင်ကပြောသည်

"ဒီတော်လှန်ရေးဟာနိုင်မှဖြစ်မယ်၊အဲ့လိုဖြစ်ဖို့ဆိုရင်လည်း၊တစ်တိုင်းပြည်လုံးမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပြည်သူတွေတစ်သားထဲဖြစ်လို့လိုတယ်၊ကျွန်တော်တို့ရွေးချယ်ထားတာလက်နက်ကိုင်တော်လှန်ရေးဖြစ်တယ်၊အန္တရာယ်အများဆုံးတော်လှန်ရေးကိုရွေးချယ်ထားတာ၊နောက်ပိုင်းမှာ ဒီလက်နက်ကို မစွန့်နိုင်တဲ့လူတွေကိုလည်းတွေ့နိုင်တယ်၊တစ်နိုင်ငံလုံးမှာရှိတဲ့လက်နက်ကိုင်တွေကို ပြောချင်တာကတော့ ကျွန်တော်တို့လက်နက်ကိုင်တာ UG ပါ။ အဲဒါကို ပေါ်ပင်သဘောမျိုး မိုက်ရူးရဲဆန်ဆန်လုပ်ကျရင် တော်လှန်ရေးလည်း နှောင့်နှေးသလို ပြည်သူတွေလည်းဒုက္ခရောက်ရတယ်၊အဲ့ဒါကြောင့် တော်လှန်ရေးကိုစနစ်တကျသွားကျဖို့ပြောချင်ပါတယ်"ဟု ၎င်းကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly