စစ်အုပ်စု၏ ရေနံ၊ ဓာတ်ငွေ့ ဝင်ငွေရလမ်းကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ရေး Total ကုမ္ပဏီ တွန်းအားပေး

စစ်အုပ်စု၏ ရေနံ၊ ဓာတ်ငွေ့ ဝင်ငွေရလမ်းကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ရေး Total ကုမ္ပဏီ တွန်းအားပေး

ဇန်နဝါရီ ၂၁

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များအတွက် အကြီးဆုံးဝင်ငွေရင်းမြစ် ဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ ဝင်ငွေလမ်းကြောင်းအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများ လုပ်ဆောင်ရေးကို ထောက်ခံအားပေးရန် ပြင်သစ်စွမ်းအင်ကုမ္ပဏီ TotalEnergies က အမေရိကန်နှင့် ပြင်သစ် အစိုးရတို့ကို ပန်ကြားထားသည်။

အာဏာသိမ်းစစ်အုပ်စုထံ ငွေကြေးထောက်ပံ့စီးဝင်စေမှုကို ရပ်တန့်စေရန်နှင့် ရတနာဓာတ်ငွေ့စီမံကိန်းကနေ နှစ်စဥ် ဒေါ်လာ သန်းရာချီ ရရှိသည့် ဝင်ငွေရလမ်း အပါအဝင် စစ်အုပ်စု၏ ဘဏ်အကောင့်များကို ပိတ်ဆို့ရန်အတွက် Total ကုမ္ပဏီအနေဖြင့် အသုံးပြုနိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုနေခဲ့သည်ဟု ကုမ္ပဏီ စီအီးအို Patrick Pouyanne က Human Rights Watch အဖွဲ့ထံ ပေးပို့ခဲ့သည့် စာထဲတွင် ပြောကြားထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်သည် ယင်းကို ဆန့်ကျင်သူများနှင့် အမြင်သဘောကွဲလွဲသူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းနှိမ်နင်းထားခဲ့ပြီး လူငယ်အမျိုးသားများနှင့် ယောကျ်ားလေးများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများကို သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ညှင်းပန်းနှိပ်စက်ခြင်းတို့ကို ကျူးလွန်ထားခဲ့သည်။

ဒဏ်ခတ်အရေးယူမှုများက နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပစ်မှတ်ထားမည် ဖြစ်သည်။ MOGE သည် ရတနာဓာတ်ငွေ့လုပ်ငန်း အပါအဝင် မြန်မာနိုင်ငံရှိ ကမ်းလွန် ဓာတ်ငွေ့စီမံကိန်းအားလုံးတွင် Total ၊ Chevron နှင့် ထိုင်း၏ PTT Exploration & Production တို့နှင့်အကြား ဖက်စပ်လုပ်ကိုင်နေခြင်း ဖြစ်သည်။ Total သည် မြန်မာဓာတ်ငွေ့လုပ်ငန်းတွင် အဓိကရှယ်ယာတစ်ခု ရှိပြီး ယင်း၏ နေ့စဥ်လုပ်ငန်းလည်ပတ်မှုများကို လုပ်ဆောင်နေကာ MOGE က အစိုးရကိုယ်စား အခွန်ဘဏ္ဍာငွေများကို ကောက်ယူစုဆောင်းသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ချမှတ်သော ဒဏ်ခတ်ပိတ်ဆို့မှုများကသာလျင် ငွေပေးချေမှုများကို တရားဝင် လုံးလုံးလျားလျား ရပ်တန့်စေရန် တားဆီးနိုင်လိမ့်မည်ဖြစ်ကြောင်း Total က ပြောသည်။

Pouyanne က Human Rights Watch အဖွဲ့ထံ စာရေးသားပြောဆိုခဲ့ရာတွင် ၎င်းတို့ကုမ္ပဏီအနေဖြင့် ယင်းကဲ့သို့သော ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ အကောင်အထည်ဖော်ခြင်းကို ထောက်ခံအားပေးသည် ဆိုပြီး အမေရိကန်နှင့် ပြင်သစ် အာဏာပိုင်များထံ အသိပေးထားကြောင်းနှင့် ယင်းတို့အတွက် မူဘောင်တစ်ခု ဖန်တီးရန် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနထံ တရားဝင် ပန်ကြားထားကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေကြေး ၅၀ ရာခိုင်နှုန်းခန့်သည် သဘာဝဓာတ်ငွေ့ အခွန်ဘဏ္ဍာငွေများကနေ လာပြီး MOGE အနေဖြင့် ၂၀၂၁-၂၀၂၂ ကာလတွင် ကမ်းလွန်နှင့် ပိုက်လိုင်း ပရောဂျက်များကနေ ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံခန့် ရရှိဖွယ် ရှိသည်ဟု ခန့်မှန်းချက်တစ်ရပ်အရ သိရသည်။

"ခုဆိုရင် TotalEnergies နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာရဲ့ ဓာတ်ငွေ့လုပ်ငန်းအခွန်ဘဏ္ဍာငွေတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထောက်ခံနေပြီ ဖြစ်တာကြောင့် အမေရိကန်နဲ့ အီးယူအနေနဲ့ အရေးယူလုပ်ဆောင်ဖို့ နှောင့်နှေးစရာ ဘာအကြောင်းမှ မရှိတော့ပါဘူး" ဟု Human Rights Watch ၏ အာရှဒေသဆိုင်ရာ advocacy director ဖြစ်သည့် John Sifton က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required