အာဏာသိမ်းစစ်တပ်ချစ်သူများအကြား အကွဲအပြဲဖြစ် အသက်အန္တရာယ်ကိုပင်ခြိမ်းခြောက်

အာဏာသိမ်းစစ်တပ်ချစ်သူများအကြား အကွဲအပြဲဖြစ် အသက်အန္တရာယ်ကိုပင်ခြိမ်းခြောက်

ဇန်နဝါရီလ ၂၀ ရက်

အမျိုးသားရေးလှုပ်ရှားသူများဟု ၎င်းတို့ဘာသာကင်ပွန်းတပ်ထားသော အာဏာသိမ်းစစ်တပ်ကိုချစ်သူများအချင်းအချင်းအကြား စစ်ခေါင်းဆောင်နှင့်နီးစပ်လိုရာကအစပြုကာ အသက်အန္တရာယ်ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်သည်ကို လူမှုကွန်ရက်စာမျက်နှာတွင်ပါပေါ်ထွက်လာခဲ့သည်။

တပ်မတော်ချစ်သူဟု ခံယူထားသော လူမျိုး၊ ဘာသာရေးအစွန်းရောက်ဝါဒီများဖြစ်သည့် ကိုကျော်ထွဏ်းသိမ်း ၊ မင်းသားကြီး နှင့်မိုက်ကယ်ကျော်မြင့်တို့သည် ဖုန်းဆက်ကာ တစ်ဦးနှင့်တစ်ဦးသတ်ဖြတ်ပစ်မည့်အကြောင်းများပြောဆိုနေသလို လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပုတ်ခတ်တိုက်ခိုက်ရေးသားမှုများလုပ်လာနေကြသည်။ ။

ကိုကျော်ထွဏ်းသိမ်းက “ တပ်ချုပ်မွေးစားသားလို့ပြောနေတဲ့ကောင်က ဖုန်းဆက်ပြီးတော့ မင်းကိုလည်ပင်းဖောက်ပစ်မယ်တို့ ခေါင်းကို ဂွန်နီအိတ်စွပ်ပစ်မယ်လို့ ပြောနေတော့ ကျွန်တော်အရမ်းကြောက်နေရပါတယ်”ဟု Live လွှင့်ပြီး ရယ်ရယ်မောမောပြောဆိုနေခဲ့သည်ကိုတွေ့ရသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်​ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မွေးစားသားဟု လည်းကောင်း မင်းအောင်လှိုင်ကို "ချစ်အဖေ" ဟု ခဏခဏသုံးနှုန်းနေသည့် မင်းသားကြီးဆိုသူက ကိုကျော်ထွဏ်းသိမ်းမှာ  တပ်မတော်ဗိုလ်မှူးအယောင်ဆောင်၍ တပ်ချစ်သူမိန်းကလေးများကိုဖျက်ဆီးခဲ့ပြီး ငွေလိမ်လည်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ပျူစောထီးအဖွဲ့ဝင်များဖြစ်သည့် ကိုဉာဏ်မြင့်၊ ကိုသူရဌေးနှင့် ကိုခင်မောင်ဦးတို့ကိုလည်း သက်သေအထောက်အထားအပြည့်အစုံဖြင့် ချေမှုန်းသွားမည်ဟု ၎င်း၏ "နေမင်းသစ်" အကောင့်မှ ကြိမ်းမောင်းပြောဆိုထားသည်ကို တွေ့ရသည်။

ကိုကျော်ထွဏ်းသိမ်းကလည်း ပျူစောထီးအဖွဲ့ကို လက်နက်ထောက်ပံရန် ကရင်ပြည်နယ် နယ်ခြား စောင့်တပ်(BGF)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူထံ ငွေသိန်း ၃၀၀ကို မင်းသားကြီးက လိမ်လည်တောင်းခံခဲ့ကြောင်း ယမန်နေ့ညက Live လွှင့်ပြေဆိုရာတွင်ပါဝင်သည်။ 

စစ်ကောင်စီ၏ အာဏာသိမ်းနှစ်ပတ်လည်ကျရောက်သည့် စစ်တပ်ထောက်ခံပွဲကို လာမယ့်ဖေဖော်ဝါရီ ၁ရက်နေ့  ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လုပ်ဆောင်သွားမည်ဟုမိုက်ကယ်ကျော်မြင့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာကတဆင့် ရေးသားထားပြီး အဆိုပါစစ်အာဏာသိမ်းထောက်ခံပွဲအတွက် မင်းသားကြီး ကသိန်း ၅၀၀ မတည်မည့်အကြောင်း ပြန်လည်ရေးသားထားသည်ကိုလည်းတွေ့ရသည်။

အဆိုပါထောက်ခံပွဲနှင့်ပတ်သက်၍ ကိုကျော်ထွဏ်းသိမ်းက “မင်းတို့ကောင်တွေ တပ်မတော်ထောက်ခံပွဲတွေလုပ်ပြီး ပိုက်ဆံတွေထုတ် ဘယ်လောက်တောင်လိမ်သွားလဲဆိုတာ ငါကမပြောချင်လို့။မင်းတို့ရဲ့လက်တံက သုံးကိုက်လောက်ရှည်ရင်ငါက ကိုးကိုက်လောက်ရှည်တယ်။ မင်းတို့အကြောင်းတွေ အကုန်သိတယ် မိုးမိုးခိုင်တို့ကောပဲ။ ငါ့ကိုလာမကိုက်သရွေ့ ငါက ဘာမှမပြောနေဘူးနော်”ဟု ဇူလိုင်၁၉ရက်ညက Live လွှင့်ပြောဆိုထားသည်။

ဒေါ်မိုးမိုးခိုင်မှာ အခြေခံလူတန်းစားဘ၀မြှင့်တင်ရေးပါတီ၏ အတွင်းရေးမှူးဖြစ်သည်။

အခြေခံလူတန်းစားဘ၀မြှင့်တင်ရေးပါတီ၏ ဥက္ကဌလည်းဖြစ်သူ မိုက်ကယ်ကျော်မြင့်က အချင်းများနေသူများ အချင်းချင်းအပြင်မှာတွေ့ဆုံ၍ ဆွေးနွေးသင့်ကြောင်းနှင့် ကိုယ်ထိလက်ရောက်လုပ်ဆောင်မှုမရှိအောင် ၎င်းတာဝန်ယူမည်ဟု Live လွှင့်ပြန်လည်ပြောဆိုထားပြီး  ၎င်းကိုနာမည်ဖျက်မှုများကိုတော့ ရှာဖွေအပြစ်ပေးမည့်အကြောင်း ဆဲဆိုကြိမ်းမောင်းထားသည်ကို တွေ့ရသည်။

အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထား၍ ဘာသာရေးအကြောင်းပြဆူပူကြောင့် ထောင်ဒဏ်ကျခံဖူးသူ မိုက်ကယ်ကျော်မြင့်သည် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းတပ်ထောက်ခံပွဲကို နိုဝင်ဘာ ၁၈ရက်တွင် လုပ်ဆောင်မည်ဟု တရားဝင်ကြေညာခဲ့ပြီးနောက် အောက်တိုဘာ ၂၅ရက်တွင် ပြင်ဦးလွင်နှင့် မန္တလေးတို့တွင်အကောင်အထည်ဆောင်ရွက်ခဲ့သည်။ယခုတွင်လည်း ဖေဖော်ဝါရီ၁ရက် ရန်ကုန်မြို့တော်ခန်းမတွင် လုပ်ဆောင်မည်ဟု ကြေညာထားသည်။

ဓာတ်ပုံ (ဘယ်မှညာ)- အခြေခံလူတန်းစားဘ၀မြှင့်တင်ရေးပါတီ အတွင်းရေးမှူး ဒေါ်မိုးမိုးခိုင် (အပြာနုရောင်အင်္ကျီဝတ်) နှင့် မင်းသားကြီး (အင်္ကျီအနက်ရောင်နှင့် ဂျင်းဘောင်းဘီအပြာဝတ်)၊ အခြေခံလူတန်းစားဘ၀မြှင့်တင်ရေးပါတီ ဥက္ကဌ မိုက်ကယ်ကျော်မြင့် (ရှပ်အင်္ကျီအနက်ရောင်ဝတ်)တို့ကို ပျူစောထီးအဖွဲ့ဝင်များနှင့် အစောပိုင်းက အတူတွေ့ရစဉ်။ (မင်းသားကြီးဖေ့စ်ဘုတ်အကောင့်မှ)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly