ရေဦးမြို့နယ် ချမ်းသာရွာအနီး စစ်ကောင်စီ ခြေလျင်တပ် မိုင်းဆွဲခံရ၊ ၇ ဦး သေဆုံးဟုဆို

ရေဦးမြို့နယ် ချမ်းသာရွာအနီး စစ်ကောင်စီ ခြေလျင်တပ် မိုင်းဆွဲခံရ၊ ၇ ဦး သေဆုံးဟုဆို

ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနောက်ဘက် တစ်မိုင်အကွာရှိ ချမ်းသာရွာ မီးရထားသံလမ်း အနီးတွင် အင်အား ၄၀ ကျော်ပါ စစ်ကောင်စီ ခြေလျင်တပ်ကို ပဒေသာမိုင်း သုံးလုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ် ဝေဟင်စွန်ရဲအဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ပျူစောထီးနှင့် စစ်ကောင်စီ ပူးပေါင်း ခြေလျင်တပ်သည် ရေဦးမြို့နယ် ကုန်းတန်းကျေးရွာမှ ထွက်လာပြီး ချမ်းသာရွာ အရောက် ယနေ့ ဇန်နဝါရီလ ၂၀ ရက် နေ့လည် ၁ နာရီခန့်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကာ ခုနှစ် ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း ဆိုသည်။

"စခ (စစ်ကောင်စီတပ်) နဲ့ ပျူတွေက သံလမ်းအတိုင်း တက်လာတာ၊ ကျွန်တော်တို့က ကြိုတင်ပြင်ဆင်ပြီး စောင့်နေတာ၊ ကျွန်တော်တို့ ပွိုင့်နား ရောက်လာတော့ ခွဲချလိုက်တာ၊ ခုနှစ်ကောင်ကတော့ လဲကျသွားတာ တွေ့ရတယ် ခင်ဗျ၊ ထိခိုက် ဒဏ်ရာရတဲ့ သူတွေလည်း များတယ်" ဟု ဝေဟင်စွန်ရဲအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များ ရမ်းသန်း ပစ်ခတ်ကာ သေဆုံးသူများအား နေရာတွင် ထားခဲ့ပြီး မရိုးကုန်းရွာဘက်သို့ ဆက်လက် ထွက်ခွာနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်လာခြင်းကြောင့် ရေးဦးမြို့ အနောက်ဘက်ရှိ ချမ်းသာရွာ၊ ရွာသစ်ရွာ၊ ကုန်းသာရွာနှင့် မရိုးကုန်းရွာများမှ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း အတွင်း စစ်ကောင်စီတပ်များ နေရာအနှံ့ ဖြန့်ခွဲကာ စစ်ကြောင်းထိုးနေပြီး ဒေသခံ ကာကွယ်ရေး တပ်များက ထိပ်တိုက် တိုက်ခိုက်ခြင်း မရှိဘဲ မိုင်းဖောက်ခွဲကာ ပြောက်ကျား တိုက်ခိုက်နေကြောင်း ဝေဟင်စွန်ရဲအဖွဲ့ တာဝန်ရှိသူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly