ထားဝယ် အခြေစိုက် Dawei Watch သတင်းဌာန သတင်းထောက် ၂ ဦး ဖမ်းဆီးခံရ

By ကိုရွှေမြိတ်
19 January 2022
ထားဝယ် အခြေစိုက် Dawei Watch သတင်းဌာန သတင်းထောက် ၂ ဦး ဖမ်းဆီးခံရ

ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အခြေစိုက် Dawei watch သတင်းဌာနမှ သတင်းထောက် နှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့များက နေအိမ်များတွင် ဝင်ရောက် ဖမ်းဆီးသွားကြောင်း ယင်းသတင်းဌာန အယ်ဒီတာချုပ်က ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အတည်ပြုသည်။

ဖမ်းဆီးခံရသည့် သတင်းထောက် နှစ်ဦးမှာ မမိုးမြင့်နှင့် ကိုဇော် ဖြစ်ကြောင်း Dawei watch အယ်ဒီတာချုပ်က ဆိုသည်။

"မမိုးမြင့် ကတော့ မနေ့ညပိုင်းက အဖမ်းခံရတာပါ၊ ကိုဇော ်ကိုတော့ ဒီမနက်ကမှ ထပ်လာ ဖမ်းဆီးသွားတယ်" ဟု ထားဝယ်မြို့ခံ တစ်ဦးက ဆိုသည်။

သတင်းထောက် မမိုးမြင့် ကို ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်ခန့်တွင် တလိုင်းထိန်ရပ်ကွက် နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့ပြီး ကိုဇော် သည် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၂ နာရီတွင် ဝဲကျွန်း နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

၎င်းတို့ နှစ်ဦးအား မည်သည့် အကြောင်းကြောင့် ဖမ်းဆီးခဲ့သည်ကိုမူ မသိရှိရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့သည် သတင်းထောက် နှစ်ဦး အပြင် အခြားလူငယ် တစ်ဦးကိုပါ ဖမ်းဆီးခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ၁၁ လအတွင်း သတင်းသမား ၁၁၄ ကျော် ဖမ်းဆီးခံခဲ့ရသည့် အနက် လက်ရှိ ၄၃ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း Reporting ASEAN က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly