ထားဝယ်မြို့တွင် စစ်တပ်ထုတ်ကုန်များ ဆက်လက် ရောင်းချခြင်းမပြုရန်  သပိတ်ကော်မတီ (ထားဝယ်ခရိုင်)က တတိယအကြိမ် သတိပေး 

ထားဝယ်မြို့တွင် စစ်တပ်ထုတ်ကုန်များ ဆက်လက် ရောင်းချခြင်းမပြုရန်  သပိတ်ကော်မတီ (ထားဝယ်ခရိုင်)က တတိယအကြိမ် သတိပေး 

ဇန်နဝါရီလ ၁၈ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ အရောင်းဆိုင် တချို့နှင့် စားသောက်ဆိုင်များတွင် စစ်ကောင်စီ၏ ထောက်တိုင်ဖြစ်သည့် စစ်တပ်ထုတ် အဖျော်ယမကာများကို ဆက်လက် ရောင်းချခြင်း မပြုရန် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) မှ သတိပေး ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်သည်မှာ သုံးကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

သပိတ်ကော်မတီအဖွဲ့က အကြိမ်ကြိမ် သတိပေးထား သော်လည်း ဆိုင်တချို့က  ကိုယ်ကျိုး စီးပွား တစ်ခုတည်းကိုသာ ကြည့်၍ စစ်ကောင်စီ၏ စီးပွားရေးကို အထောက်အကူ ဖြစ်စေမည့် စစ်တပ်ထုတ် အဖျော်ယမကာများကို ဆက်လက် ရောင်းချ နေသေးကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။ 

ထားဝယ်​ဒေသ အတွင်းရှိ မိဘပြည်သူများ အနေဖြင့် စစ်တပ်ထုတ် အဖျော်ယမကာများ ဖြစ်သည့် မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Anadaman Gold ဘီယာများ ဆက်လက်ရောင်းချနေသည့် အရောင်းဆိုင်များတွင် ဝယ်ယူအားပေးခြင်း မပြုဘဲ သပိတ်မှောက် ဆန့်ကျင်ကြရန် မိုကရေစီ အရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်)က တိုက်တွန်း နိုးဆော်ထားသည်။ 

ဒီမိုကရေစီ အရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက"ကျွန်တော်တို့ အနေနဲ့ ထားဝယ်ဒေသ အတွင်းက စစ်တပ်ထုတ် အဖျော်ယမကာတွေနဲ့ စစ်တပ် ထုတ်ကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ အရောင်းဆိုင်များကို ဆက်လက် စုံစမ်းဖော်ထုတ်နေပါတယ်။  အခုဆိုရင် သုံးကြိမ်မြောက် အထိ သပိတ်မှောက် သတိပေးထားပါတယ်"ဟု ပြော သည်။ 

ယင်းသို့ အကြိမ်ကြိမ် သတိပေး လှုပ်ရှားမှုကြောင့် ထားဝယ်မြို့ပေါ်က ဆိုင်တချို့သည် ရှိပြီးသား ကုန်ပ္ပစည်းများကို ရောင်းချ သွားမည် ဖြစ်ပြီး လက်ကျန်ပစ္စည်းများ ကုန်ပါက ဆက်လက် ရောင်းချခြင်း မပြုတော့ဘဲ ရပ်နား သွားမည်ဟုလည်း ယင်းအဖွဲ့၏ စုံစမ်း ဖော်ထုတ်ချက် အရသိရှိရကြောင်း ပြောဆိုသည်။ 

"ကျနော်တို့က စစ်တပ်ထုတ်ကုန် ရောင်းနေတဲ့ ဆိုင်တွေကို နာမည်စာရင်းနဲ့ တကွ ထုတ်ပြန်ကြေညာ ပါတယ်။  ပြီးရင် စစ်တပ်ထုတ် အရက်၊ ဘီယာရောင်းတဲ့ စားသောက်ဆိုင်တွေ၊ Mytel  ရောင်းတဲ့ ဆိုင်တွေကိုလည်း စုံစမ်းဖော်ထုတ်သွားပါမယ်"ဟု ဒီမိုကရေစီ အရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောဆို သည်။ 

အဆိုပါ လှုပ်ရှားမှုကို လစဥ်လုပ်သွားမည် ဖြစ်ပြီးစစ်တပ် ထုတ်ကုန် ရောင်းနေဆဲဖြစ်သည့် ဆိုင်များကို အဖွဲ့ကထုတ်ပြန်သည့်  Boycott Listထဲ လစဥ် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required