ဆူဒန် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရပြီး ၇ ဦး သေဆုံး

ဆူဒန် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရပြီး ၇ ဦး သေဆုံး
Photo - AFP

ဇန်နဝါရီ ၁၈

ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဇန်နဝါရီ ၁၇ ရက်က ဆန္ဒပြသူ ခုနစ်ဦး သေဆုံးခဲ့ပါတယ်။  

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကတော့ ဆူဒန်အာဏာသိမ်းအုပ်စုတာဝန်ရှိသူတွေ "အတတ်နိုင်ဆုံး ထိန်းသိမ်းသည်းခံဖို့" အတွက် တိုက်တွန်းနေပါတယ်။

ဆူဒန်နိုင်ငံကို အမေရိကန်သံတမန်တွေ လာရောက်မယ့် ခရီးစဉ်တစ်ခုမတိုင်မီ မြို့တော် ခါတွမ်နဲ့ အခြားအဓိကမြို့ကြီးတွေမှာ ခုလို ဆန္ဒပြသူတွေ သေဆုံးတဲ့ အကြမ်းဖက်ဖြိုခွင်းမှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

အာဖရိကအရှေ့မြောက် နိုင်ငံမှာ လတွေနဲ့ချီ ကြာမြင့်နေပြီဖြစ်တဲ့ အကျပ်အတည်း အဆုံးသတ်စေဖို့အရေး ကြားဝင်စေ့စပ်ဖို့ ဝါရှင်တန်က ကြိုးပမ်းနေပါတယ်။

ဆူဒန်မှာ ဆန္ဒပြသူတွေကို ကျည်အစစ် သုံးပြီး ဖြိုခွင်းနှိမ်နင်းမှုတွေ ဆက်ရှိနေမှုအပေါ် ကုလ အထူးကိုယ်စားလှယ် ဗော်လ်ကာ ပ့ါသီးစ် က ရှုတ်ချသွားခဲ့ပြီး ဆူဒန်ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူခုနစ်ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

အလားတူ ဆူဒန် လုံခြုံရေးတပ်ဖွဲ့တွေဘက်က အကြမ်းဖက် နည်းလမ်းတွေ အသုံးပြုမှုအပေါ် ခါတွမ်ရှိ အမေရိကန် သံရုံးကလည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ယင်းနိုင်ငံမှာ ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတာ အယ်လ်-ဘာဟန် ဦးဆောင်တဲ့ စစ်တပ်က အောက်တိုဘာ ၂၅ ရက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ဖြိုခွင်းနှိမ်နင်းခံရမှုကြောင့် သေဆုံးတဲ့ ဆန္ဒပြသူဦးရေစုစုပေါင်းဟာ ၇၁ ဦး ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဆူဒန်စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုတွေကို ထွက်ပေါ်စေခဲ့သလို ၂၀၁၉ ဧပြီလက အာဏာရှင်ဆန်တဲ့ သမ္မတဟောင်း အိုမာ အယ်လ်-ဘာရှားကို ပြုတ်ကျသွားစေပြီးနောက်ပိုင်း အရပ်ဘက်အုပ်ချုပ်မှုဆီ အသွင်ကူးပြောင်းမှုတစ်ခုကိုလည်း စစ်အာဏာသိမ်းမှုကြောင့် လမ်းကြောင်းလွဲသွားစေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly