ဖာပွန်မြို့နယ်က မဲပလိ BGF တပ်စခန်းကို KNLA တပ်မဟာ (၅) တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ဖာပွန်မြို့နယ်က မဲပလိ BGF တပ်စခန်းကို KNLA တပ်မဟာ (၅) တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ မဲပလိကျေးရွာရှိ ကရင်နယ်ခြားစောင့်တပ် (BGF) ၏ တပ်စခန်း တစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅) က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းယူလိုက်ကြောင်း KNU တပ်မဟာ (၅) ပြောခွင့်ရသူ ပဒိုမန်းမန်းက မဇ္ဈိမကို အတည်ပြုသည်။

အဆိုပါ မဲပလိတပ်စခန်းသည် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ် (၁၀၁၄) တပ်ရင်း လက်အောက်ခံ တပ်စခန်းတစ်ခုဖြစ်ပြီး KNLA တပ်မဟာ (၅) တပ်ရင်း (၁၀၂) တပ်ခွဲ (၄) အဖွဲ့က ဦးဆောင်တိုက်ခိုက် သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့် (BGF) တပ်ဖွဲ့ အနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေပါက BGF တပ်စခန်းများကို တိုက်ခိုက်ရတော့မည်ဟု KNLA တပ်မဟာ (၅) က နောက်ဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်လိုက်ပြီးနောက် ရက်ပိုင်းအကြာတွင် BGF တပ်စခန်းတစ်ခု တိုက်ခိုက်သိမ်းယူခံလိုက်ရခြင်း ဖြစ်သည်။

ထိုမဲပလိ BGF တပ်စခန်း တိုက်ခိုက်သိမ်းယူမှုတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ အသေးစိတ်ကို တိတိကျကျမသိရသေးသော်လည်း တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်မှုရှိကာ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တစ်ဦးကို လက်ရအရှင်ဖမ်းမိထားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

BGF တပ်ဖွဲ့များသည် ကရင်ပြည်သူလူထုနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အကျိုးကို လျစ်လျူရှုပြီး စစ်အာဏာရှင်ကို ဆက်လက် ဝိုင်းဝန်း ကူညီနေပါက ကရင်လူမျိုး အချင်းချင်း မတိုက်ခိုက်လို သော်လည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် တသားတည်း သတ်မှတ်ပြီး KNLA တပ်မဟာ (၅) နယ်မြေရှိ မည်သည့်နေရာမဆို တိုက်ခိုက်တော့မည်ဟု အချက် ခုနှစ်ချက် ပါဝင်သည့် ကြေညာချက် တစ်စောင်ကို့ KNLA တပ်မဟာ (၅) က ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများတွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး KNLA တပ်မဟာ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများလည်း ရှိနေသည်။

ယင်းအပြင် မြဝတီမြို့နယ်တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ် ဒေသတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required