စစ်ကောင်စီ ချိပ်ပိတ်ထားသည့် ပုသိမ် NLD ရုံးတွင်းရှိ အဖိုးတန် ပစ္စည်းများ ပျောက်ဆုံး

စစ်ကောင်စီ ချိပ်ပိတ်ထားသည့် ပုသိမ် NLD ရုံးတွင်းရှိ အဖိုးတန် ပစ္စည်းများ ပျောက်ဆုံး

ဇန်နဝါရီလ ၁၆ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မရမ်းချိုလမ်းမကြီး အနောက်ဘက်ရှိ ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှိ ကာလပေါက်ဈေး ကျပ်သိန်း ၂၅၀ ကျော်ခန့် တန်ဖိုးရှိသည့် ရုံးတွင်း ပစ္စည်းများ အခိုးခံလိုက်ရကြောင်း ပုသိမ် NLD ပါတီဝင် တစ်ဦးက ပြောသည်။

စစ်အာဏာ သိမ်းသည့်နေ့တွင် ချိပ်ပိတ်ခံခဲ့ရသည့် အတွက် ပုသိမ်မြို့နယ် NLD ရုံးတွင်း ပစ္စည်းများ အားလုံး ထားခဲ့ရပြီး အဆိုပါ ပစ္စည်း အားလုံးနီးပါး အခိုးခံလိုက်ရခြင်း ဖြစ်ကြောင်း အဆိုပါ ပါတီဝင်က ပြောသည်။

"ရုံးထဲမှာရှိတဲ့ ဆက်တီ နှစ်စုံ၊ စာအုပ်ထည့်တဲ့ ဘီရိုတွေ၊ ရုံးသုံး ပရိဘောဂတွေ ၊ကွန်ပြူတာတွေ၊ ၄၂ လက်မ TV တစ်လုံး ၊ရေအေးစက်၊ ဆောင်းဘောက် အသံချဲ့စက် အစုံလိုက်နဲ့ အဲကွန်း ၁၁ လုံးကို အောက်ဒိုးရော အင်ဒိုးတွေရော ဖြုတ်ခိုးသွားတာပါ၊ ရုံးထဲမှာ တစ်ခြားဟာတွေလည်း အများကြီး ရှိသေးတယ်၊ အကုန်လုံးပေါင်းရင် သိန်း ၂၅၀ ကျော်ဖိုးလောက်ရှိတယ် " ဟု ၎င်းကဆိုသည်။

ပုသိမ်မြို့နယ် NLD ပါတီရုံးအား စစ်တပ်အာဏာ သိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် စစ်သားများနှင့် ရဲများက ချိပ်ပိတ်သွားခြင်း ဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ မနက် ၃ နာရီခန့် အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သေးသည်။

ရုံးတွင်း ပစ္စည်းများ အခိုးခံခဲ့ရသော ပုသိမ်မြို့နယ် NLD ပါတီရုံးသည် ပုသိမ် နယ်မြေရဲစခန်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိကာ ချိပ်ပိတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီ တပ်သားများနှင့် ရဲများသာ ရုံးအတွင်း အဝင်အထွက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required