ရန်ကုန် မြို့နယ် ၅ ခုတွင် စစ်ဆင်ရေးများပြုလုပ်၊  စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိ 

ရန်ကုန် မြို့နယ် ၅ ခုတွင် စစ်ဆင်ရေးများပြုလုပ်၊  စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိ 

ဇန်နဝါရီလ ၁၆ ရက်

ရန်ကုန် မြို့နယ်ငါးခုတွင် “ပျံလွှားအောင်” စစ်ဆင်ရေး အမည်ဖြင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က  ယနေ့ ဇန်နဝါရီလ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ 

အလုံမြို့နယ်၊ သုံးခွမြို့နယ်၊ တိုက်ကြီးမြို့နယ် ၊ တွံတေးမြို့နယ် နှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် “ပျံလွှားအောင်” စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ် ( PDF ) များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

အလုံမြို့နယ်၊ ထော်လီကွေ့မှတ်တိုင်အနီး အကြမ်းဖက် စစ်ကောင်စီ၏ စီးပွားရေး ဒေါက်တိုင် တစ်ခုဖြစ်သည့် “ထူး” စက်သုံးဆီ အရောင်းဆိုင်ကို ယနေ့ နံနက်  ၄ နာရီ ခန့်တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Special Task Agency of Burma-STA တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး နှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်ဆိုင်လုံး မီးလောင် ပျက်စီးသွားခဲ့သည်။ 

သုံးခွမြို့နယ်ရှိ ပြည်သူများအပေါ်  မီတာခ အတင်းအကျပ် ကောက်ခံခြင်း၊ လျှပ်စစ်မီး ဖြတ်တောက်ခြင်းများ အနိုင်ကျင့် ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာ မြို့နယ် EPC ရုံးကို ဇန်နဝါရီလ ၁၄ ရက်နေ့  ည ၇ နာရီခွဲခန့် တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Thongwa Youth Force-TYF တပ်ဖွဲ့ ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

တိုက်ကြီးမြို့နယ်၊ အင်္ဂလားရပ်ကွက် ထိပ်ရှိ ကင်းပုန်းဝပ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး အနက် တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်သား တစ် ဦး သေဆုံးပြီး ကျန်တပ်သားများ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

တွံတေးမြို့နယ်၊ ထွေ/အုပ်ရုံးအနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် များကိုလည်း ဇန်နဝါရီလ ၁၀ ရက် ည ၇ နာရီ အချိန်ခန့်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ Twantay Rangers တပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ 

ထို့အပြင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ EPC ရုံးအနီး ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်  စစ်ကောင်စီတပ်သားများကို ပစ်မှတ်ထား၍ ဇန်နဝါရီလ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်း နှစ် လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေများသည် ပြည်သူ့ တော်လှန်ရေး ရဲဘော်များကို အသွင်ယူ အယောင်ပြ ထောက်ခြောက်ဆင် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိ ပြီး တော်လှန်ရေး ရဲဘော်များ အနေဖြင့် မိမိတို့အဖွဲ့များ၏ တာဝန်ရှိသူ အဆင့်ဆင့်၏ သတိပေး ပြောကြားချက်  များကို အထူး အလေးထား လိုက်နာဆောင်ရွက်ကြရန်နှင့် တော်လှန်ရေး အင်အားစု များ၊ ရဲဘော်များ အချင်းချင်းကြားတွင် ထင်ယောင်ထင်မှား သံသယ ဖြစ်စေနိုင်သော လှည့်ကွက်များကို အထူး သတိပြု ဆင်ခြင် လုပ်ကိုင်ကြရန်လည်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly