အမေရိကန် ဂျူးဘုရားကျောင်းမှာ ဓားစာခံဖမ်းခံရသူတွေကို ကယ်တင်နိုင်ခဲ့ပြီး သံသယရှိသူ သေဆုံး

အမေရိကန် ဂျူးဘုရားကျောင်းမှာ ဓားစာခံဖမ်းခံရသူတွေကို ကယ်တင်နိုင်ခဲ့ပြီး သံသယရှိသူ သေဆုံး

ဇန်နဝါရီ ၁၆

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဂျူးဘုရားကျောင်းတစ်ခုမှာ ဇန်နဝါရီ ၁၅ ရက်က လူလေးဦးကို ၁၀ နာရီကျော်ကြာ ဓားစာခံဖမ်းဆီးထားမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ယခုအခါမှာ ဓားစာခံဖမ်းဆီးခံရသူအားလုံးကို ဘေးမသီရန်မခဘဲ ပြန်ကယ်တင်နိုင်ခဲ့ကာ ၎င်းတို့ကို ထိန်းသိမ်းခဲ့သူလို့ ယူဆရတဲ့ သံသယရှိသူတစ်ဦးလည်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တက္ကဆက်ရဲ့ မြို့ငယ်တစ်ခုဖြစ်တဲ့ ကော်လေဗီးလ်မှာ ဖြစ်ခဲ့တဲ့ အဆိုပါ ဓားစာခံဖမ်းဆီးမှုမှာ သံသယရှိသူက ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကြမ်းဖက်သမားတစ်ဦး ပြန်လည်လွတ်မြောက်ရေးကို တောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပြီး ယင်းအတွက်ကြောင့် အမေရိကန်မှာ ရှိတဲ့ ဂျူး အဖွဲ့အစည်းတွေဆီကနေသာမက အစ္စရေးအစိုးရဆီကနေအထိပါ စိုးရိမ်ပူပန်မှုတွေကို ထွက်ပေါ်စေခဲ့ပါတယ်။

"ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ဟာ စနေနေ့ ညနေပိုင်းမှာ ဘုရားကျောင်းထဲ ဝင်သွားနိုင်ခဲ့ပြီး အထဲမှာ ဓားစာခံဖမ်းဆီးခံထားရတဲ့ ကျန်နေတဲ့ သုံးဦးကို ကယ်တင်နိုင်ခဲ့ပါတယ်၊ အဲဒီမတိုင်မီ အစောပိုင်း နာရီအနည်းငယ်မှာလည်း ပထမဆုံး ဓားစာခံအဖမ်းခံထားရသူကို ကယ်ထုတ်ထားနိုင်ခဲ့ပါတယ်" လို့ ကော်လေဗီးလ် ရဲတပ်ဖွဲ့အကြီးအကဲ မိုက်ကယ် မီလာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

"သံသယရှိသူကတော့ သေဆုံးသွားပါပြီ" လို့ ၎င်းက ပြောခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲ မတိုင်မီ ဘုရားကျောင်းထဲကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုနဲ့ သေနတ်ပစ်သံတွေ ကြားခဲ့ရတယ်လို့ ယင်းနေရာအနီးမှာ ရောက်နေခဲ့ကြတဲ့ ဂျာနယ်လစ်တွေက ပြောဆိုခဲ့ပါတယ်။

ဒဲလက်စ်မြို့ FBI အထူးအေးဂျင့် မတ် ဒီ ဆာနိုရဲ့ အဆိုအရ ဓားစာခံဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ယင်းဒေသရှိ လူသိများတဲ့ ဂျူးဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ချာလီ ဆိုင်ထရွန် ဝေါ်ကာ လည်း ပါတယ်လို့ သိရပါတယ်။ ဓားစာခံဖမ်းဆီးခံခဲ့ရသူအားလုံးဟာ ဆေးကုသမှုခံယူစရာ မလိုဘဲ မကြာမီ ၎င်းတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည် ဆုံတွေ့နိုင်လိမ့်မယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

ယင်းဖြစ်စဉ်မှာ ဓားစာခံဖမ်းဆီးမှုကို ကျူးလွန်ခဲ့သူအမျိုးသားဟာ အမေရိကန်သတင်းစာတွေက "လေဒီ ကေးဒါး" လို့ ခေါ်ခဲ့တဲ့ အာဖီယာ ဆီဒစ်ကွီး ပြန်လွတ်ရေးအတွက် တောင်းဆိုခဲ့တာဖြစ်တယ်လို့ အမေရိကန် အရာရှိတစ်ဦးကို ကိုးကားပြီး ABC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly