နမခ တိုင်းမှူး အပြောင်းအလဲအပြီး ချင်းပြည် စစ်ရေး ပိုပြင်းထန်လာ၊ ပလက်ဝမြို့နယ်မှ လွဲ၍ ကျန်မြို့နယ်အားလုံးတိုက်ပွဲ များဖြစ်

နမခ တိုင်းမှူး အပြောင်းအလဲအပြီး ချင်းပြည် စစ်ရေး ပိုပြင်းထန်လာ၊ ပလက်ဝမြို့နယ်မှ လွဲ၍ ကျန်မြို့နယ်အားလုံးတိုက်ပွဲ များဖြစ်

ဇန်နဝါရီ ၁၆

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး အပြောင်းအလဲ အပြီး ချင်းပြည်နယ်၌ စစ်ရေး ပိုပြင်းထန်လာပြီး ပလက်ဝမြို့နယ်မှ လွဲ၍ ကျန်မြို့နယ် အားလုံးတွင် တိုက်ပွဲများ ဖြစ်နေကြောင်း ချင်းပြည်နယ် အတွင်း စစ်ရေး လေ့လာ စောင့်ကြည့်နေသူ သတင်းရင်းမြစ်က ပြောသည်။

"အရင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် နေရာမှာ ကလေးမြို့ အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် တပ်မမှူး တာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်မှူးချုပ် သန်းထိုက်ကို အစားထိုးပြီး နောက်ပိုင်း တိုက်ပွဲတွေ ပိုများလာတယ် ပြောရမယ်" ဟု ၎င်းက ပြောသည်။

စစ်တပ်က အင်အား အများအပြား ဖြည့်တင်းကာ ဇန်နဝါရီ လဆန်းပိုင်းမှ စတင်၍ ချင်းပြည်နယ် အတွင်း ထိုးစစ် ဆင်လာခြင်း ဖြစ်ပြီး လက်ရှိတိုက်ပွဲများတွင် လေကြောင်းပါ ပစ်ကူ ပေးနေသည် ဟု ဆိုသည်။

"ချင်းပြည်နယ်ထဲမှာ တိုက်ပွဲမရှိတာ အာဏာသိမ်းပြီးနောက်ပိုင်း ပလက်ဝမြို့ ဖြစ်နေတယ်။ ကျန်တဲ့ မြို့တိုင်း နီးပါးက နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်နေတယ်။ အခုဆိုရင် ကလေးဘက် ခြမ်းကနေ ကလေး-သိုင်းငင်-တီးတိန် ဘက်ခြမ်းကို သူတို့ စစ်ကြောင်းထိုးနေတယ်။ ကလေး-ဝေဘူလ-ဖလမ်းဘက်ခြမ်းကိုလည်း စစ်ကြောင်း ထိုးနေတယ်“ ပြည်နယ်တွင်း စစ်ရေး အခြေအနေ စောင့်ကြည့်နေသူက ပြောသည်။

ထို့ပြင် စစ်တပ်က မင်းတပ်-မတူပီ ဘက်သို့ စစ်ယာဉ်တန်းနှင့် လူအင်အား ရိက္ခာ ဖြည့်တင်းနေသည့်အပြင် မတူပီမှ ရေဇွာ(ဇိုသုမ်) နယ်ဘက်ခြမ်း ကိုလည်း စစ်ကြောင်း ထိုးနေသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ သိထားရတာ သူတို့တွေ ရည်မှန်းချက်ကို အရောက်သွားပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင် ချင်းပြည်နယ် တစ်ခုလုံးကို တစ်ပြိုင်နက်ထဲ တိုက်မယ်လို့ သိထားရတယ်" ဟု ၎င်းက ဆိုသည်။

ယခင်က ချင်းပြည်နယ်အတွင်း နယ်မြေအဆိုးဆုံး၊ တိုက်ပွဲအများဆုံးနှင့် စစ်ဘေးရှောင် အများဆုံး ရှိသည့် ပလက်ဝမြို့သည် ယခုအခါ စစ်ကောင်စီ၏ ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသော မြို့ ဖြစ်နေသည်။

ပလက်ဝ မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင်း ရခိုင်တပ်တော် (AA) နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ဖြစ်ပွားမှုများကြောင့် ကျေးရွာ ၂၁ ရွာမှ ဒေသခံ ဦးရေ ၅,၀၀၀ ကျော် စစ်ဘေးရှောင် ခဲ့ကြရပြီး တပ်မ (၁၁ )တပ်မမှူး ကိုယ်တိုင် ပလက်ဝ၌ လာရောက် အထိုင်ချခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

"အရင်က တိုက်ပွဲ ဖြစ်တယ် ဆိုတာကလည်း အေအေနှင့် တပ်တွေပဲ ဖြစ်တာလေ။ အခု AA ကလည်း မတိုက်တော့ နယ်မြေ တည်ငြိမ်တယ်။ ဒါကြောင့်လည်း ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို အကအဖွဲ့တွေ အားလုံး ချင်းကိုယ်စားပြု ဆိုပြီး ပလက်ဝမြို့ကပဲ ခေါ်ကြတယ် လို့သိရတယ်။ အခုဆိုရင် အကတွေတောင် တိုက်နေ ကြတယ်" ဟု ပလက်ဝ ဒေသခံက ပြောသည်။

လက်ရှိ စစ်ကောင်စီ နောက်လိုက် ချင်းပြည်နယ် အဖွဲ့ထဲတွင် ပလက်ဝမြို့နယ် ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သယံဇာတ ဝန်ကြီး ဦးကျော်ငြိမ်းနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး ရခိုင်လူမျိုး ဦးစိန်ထွန်းလှတို့ နှစ်ဦး တာဝန် ထမ်းဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly