တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်မှ လူသစ်စုဆောင်းနေ

တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်မှ လူသစ်စုဆောင်းနေ

ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်တွင် ယခုဇန်န၀ါရီလဆန်းပိုင်း၌ စစ်ကောင်စီလက်အောက်ခံ မန်ပန်ပြည်သူ့စစ်မှ တန့်ယန်းမြို့ပေါ်ရပ်ကွက်များအထိပါ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများပြုလုပ်နေကြောင်း ဒေသခံထံမှ သိရသည်။

တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်ရွာလျှင် တပ်သားသစ် နှစ်ဦးနှုန်း၊ မြို့ပေါ်ရပ်ကွက်များတွင် နယ်မြေတစ်ခုလျှင် နှစ်ဦးနှုန်းဖြင့် တပ်သားသစ်များ တောင်းခံထားပြီး တပ်သားမပေးနိုင်ပါက တစ်ဦးလျှင် ငွေကျပ် ၉၀၀,၀၀၀ တောင်းခံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ နေတဲ့ မြို့ပေါ်ရပ်ကွက်တွေ အထိပါ သူတို့ လူလာတောင်းတယ်။ အုပ်စု(နယ်မြေ) တစ်ခုကို နှစ်ယောက်၊ မပေးနိုင်ရင်ငွေ ၉၀၀,၀၀၀ သိန်းပေးရမယ်ပြောတယ်။ အခုတော့ လူကြီးတွေ တိုင်ပင်နေကြတုန်း ဘယ်လိုလုပ်ရမလဲဆိုတာ” ဟု ၎င်းက ပြောပြသည်။

မန်ပန်ပြည်သူ့စစ်သည် ယခင်က တန့်ယန်းမြို့နယ်အတွင်း ကျေးရွာများတွင်သာ လူသစ်စုဆောင်းလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက်မြို့ပေါ်ရပ်ကွက်များအထိ လှုပ်ရှားလာခြင်းဖြစ်သည်။

တန့်ယန်းမြို့နယ်တွင် မန်ပန်ပြည်သူ့စစ်အပြင် မိုင်းဟပြည်သူ့စစ်လည်းလှုပ်ရှားလျက်ရှိပြီး SSPP, TNLA တိုင်းရင်းသားလက်နက်ကိုင်များလည်းလှုပ်ရှားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required