ဒုရဲအုပ်ချယ်ရီထက်အား စွဲဆိုထားသည့် ၅၀၅(က)အမှု စွဲချက်တင်

ဒုရဲအုပ်ချယ်ရီထက်အား စွဲဆိုထားသည့် ၅၀၅(က)အမှု စွဲချက်တင်

ဇန်နဝါရီ ၁၆

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော် ဒုရဲအုပ်ချယ်ရီထက်အား စစ်ကောင်စီက စွဲဆိုထားသော ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)အတွက် စွဲချက်တင်ကြောင်း အမိန့် ချမှတ်လိုက်သည်ဟု ရမည်းသင်း အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ဆိုသည်။

ဒုရဲအုပ်ချယ်ရီထက်ကို ရမည်းသင်း အကျဉ်းထောင် အထူးတရားရုံးက ဇန်နဝါရီ ၁၃ ရက်တွင် အမှုအတွက် ရုံးထုတ်စစ်ဆေးခဲ့ရာတွင် တရားခွင်တရားသူကြီးက စစ်ဆေးချက်များပေါ် အခြေခံ၍ စွဲချက်တင်ရန် အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

မချယ်ရီထက်သည် May Mi အမည်ရှိ ဖေ့စ်ဘွတ်စာမျက်နှာမှတဆင့် “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ တရားပါတယ်လို့တော့ မပြောပါနဲ့” ဟု လည်းကောင်း၊ We Love Daw Aung San Su Kyi Page တွင် တင်ထားသော “လွမ်းလိုက်တာ အမေရယ်” ဆိုသည့် စာသားကို ပြန်လည်ဝေမျှခဲ့ခြင်းကြောင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် မချယ်ရီထက်သည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက NLD ပါတီ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် မသီရိရတနာနှင့် ဆက်သွယ်ပြောဆိုချက်များအပါအ၀င် ပြည်ပသတင်းဌာနများသို့ ရုပ်သံဖိုင်များ အပြန်အလှန်ပေးပို့ခြင်းများ ပြုလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် စက်တင်ဘာလအတွင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

သူမအား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ရဲခုံရုံးက အမှုစစ်ဆေးပြီးနောက် ထောင်ဒဏ် သုံးနှစ် ချမှတ်ကာ နေပြည်တော် အကျဉ်းထောင်မှ တစ်ဆင့် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ဆက်လက်ရင်ဆိုင်ရန်ကျန်ရှိနေသော ၅၀၅(က)အမှုအတွက် ရမည်းသင်းအကျဉ်းထောင် အထူးတရားရုံးတွင် အမှုရင်ဆိုင်နေစဉ် ဇန်နဝါရီ ၁၃ ရက်က စွဲချက်တင်အမိန့်ချမှတ်ခံရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required