ပါကစ္စတန်တွင် လျှပ်စစ်နှင့် ဓာတ်ငွေ့အကျပ်အတည်းအပေါ် ဆန္ဒပြမှုများ ပေါ်ပေါက်

By Latestly
16 January 2022
ပါကစ္စတန်တွင် လျှပ်စစ်နှင့် ဓာတ်ငွေ့အကျပ်အတည်းအပေါ် ဆန္ဒပြမှုများ ပေါ်ပေါက်

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ကိုဟတ်မြို့၌ ပြီးခဲ့သည့် ရက်ပိုင်းက ဒေသခံပြည်သူအများအပြား စုဝေးခဲ့ကြပြီး ၎င်းတို့ဒေသ၌ လျှပ်စစ်နှင့် ဓာတ်ငွေ့ အကျပ်အတည်းများ ဖြစ်ပေါ်နေမှုအတွက် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း Dawn သတင်းဌာနက ဇန်နဝါရီ ၉ ရက်တွင် ဖော်ပြသည်။

အရပ်ဘက် လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများ၊ ကုန်သည်များ၊ ဒေသအဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် အထွေထွေ စားသုံးသူများ ပါဝင်သည့် ဆန္ဒပြသူများက ကိုဟတ်မြို့ရှိ အာဇာနည်ရင်ပြင်၌ စုဝေးဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

ဆန္ဒပြသူများသည် လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ Pesco ၊ ဓာတ်ငွေ့ကုမ္ပဏီ SNGPL တို့၏ တာဝန်ရှိသူများ ၊ ဒေသအစိုးရနှင့် လွှတ်တော်အမတ်များကို ဆန့်ကျင်သည့် ကြွေးကြော်မှုများ အော်ဟစ်ခဲ့ကြကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြသည်။

အကယ်၍ ကိုဟတ်တွင် ထုတ်လုပ်သည့် ဓာတ်ငွေပမာဏ၏ ထက်ဝက်ခန့်ကို ယင်း၏ ပြည်သူများကို ပေးမည်ဆိုပါက ဓာတ်ငွေ့ဖိအား နိမ့်ကျမှု ပြဿနာကို ဖြေရှင်းသွားနိုင်သည်ဟု ဆန္ဒပြသူတစ်ဦးက ပြောကြောင်း Dawn သတင်းဌာနက ကိုးကားဖော်ပြသည်။

"ဒါပေမယ့် ဥပဒေပြုအမတ်တွေနဲ့ SNGPL တို့ရဲ့ ပြစ်မှုကျူးလွန်တဲ့ နှုတ်ဆိတ်နေမှုကြောင့် ဓာတ်ငွေ့ကို ပန်ဂျပ်ပြည်နယ်ဆီ ဦးစားပေး ထောက်ပံ့နေပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

CNG ဆိုင်များ ပိတ်သိမ်းခဲ့သော်လည်း ပြည်တွင်း သုံးစွဲသူများသည် ဓာတ်ငွေ့ဖိအား မပြည့်ဝသည့်အခြေအနေကို ဆက်လက်ရင်ဆိုင်နေခဲ့ရသည်ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ရှား မာမွတ်ဒ်က ပြောသည်။

ဓာတ်ငွေ့ ထောက်ပံ့ပေးပို့မှုသည် ည ၉ နာရီတွင် ရပ်ဆိုင်းသွားပြီး နောက်နေ့ မနက်ပိုင်းအထိ ဆက်လက်ပြတ်တောက်နေကြောင်းလည်း ၎င်းက ပြောသည်။

ပါကစ္စတန်တွင် ဓာတ်ငွေ့သည် ယခင်က ပုံမှန်အားဖြင့် ဈေးချိုပြီး အဆင်သင့် ရရှိထားခဲ့သော်လည်း လက်ရှိအချိန်တွင် ပြည်သူများသည် နာရီများစွာကြာသည့် ဓာတ်ငွေ့ ပြတ်တောက်မှုများနှင့် ရင်ဆိုင်လုံးပန်းနေရသည်ဟု တူရကီ ရေဒီယိုနှင့် ရုပ်သံဌာန (TRT) က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly