ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်စစ်ဆင်ရေးတွင် အကြမ်းဖက်သမား ၆ ဦးသေဆုံး

ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်စစ်ဆင်ရေးတွင် အကြမ်းဖက်သမား ၆ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် မြို့တော် ကွက်တာ၏ အရှေ့ပိုင်း မြို့ရှောင်လမ်း ဧရိယာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန (CTD) က စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ARY News မီဒီယာက ဖော်ပြသည်။

လုံခြုံရေးတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုတစ်ခုတွင် အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခံထားရသည့် အဖွဲ့မှ ၆ ဦး သေဆုံးသွားကြောင်း CTD ၏ ဇန်နဝါရီ ၉ ရက် ထုတ်ပြန်ချက်တစ်စောင်ကို ကိုးကားပြီး အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက်သမားများ၏ ခိုအောင်းရာနေရာမှ လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ အကြမ်းဖက်သမားများအနက် တစ်ဦးသည် ဆုငွေ ရူပီး ၂ သန်း ထုတ်ခံထားရသူဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်ကလည်း ပါကစ္စတန် အနောက်မြောက် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် ရဲများနှင့် ပစ်ခတ်မှုတစ်ခုအတွင်း အကြမ်းဖက်သမား၂ ဦး သေဆုံးခဲ့သည်။

အဆိုပါနေ့ မနက်အစောပိုင်းက ထောက်လှမ်းရေးသတင်းတစ်ခု ရပြီးနောက် စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ရာတွင် ပြင်းထန်စွာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု CTD အရာရှိများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly