နယ်စပ်သို့ ထွက်ပြေးမည့် လူငယ်များအား ဖြတ်သန်းခွင့် မပြုကြောင်း မရာ ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

နယ်စပ်သို့ ထွက်ပြေးမည့် လူငယ်များအား ဖြတ်သန်းခွင့် မပြုကြောင်း မရာ ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်
ဓါတ်ပုံ - CDF Mara

ဇန်နဝါရီလ ၁၅ ရက်

ချင်းပြည်နယ် အတွင်းမှ အိန္ဒိယ နယ်စပ်သို့ ထွက်ပြေးမည့် လူငယ်နှင့် လူလတ်ပိုင်းများအား မရာ ကာကွယ်ရေးတပ်ဖွဲ့ CDF Mara စိုးမိုးရာ နယ်မြေအတွင်း ဖြတ်သန်းခွင့် ပြုမည်မဟုတ်ကြောင်း ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

“ကျွန်တော်တို့ တစ်ခြား မဟာမိတ် CDF တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များရဲ့ မေတ္တာရပ်ခံမှုနဲ့ လိုအပ်ချက်အရ ထုတ်ပြန်ရတာပါ” ဟု CDF Mara တာဝန်ရှိသူက ပြောသည်။

CDF Mara နယ်မြေအတွင်း ကြိုတင် အကြောင်းကြားထားသည့် အရေးပေါ် ကိစ္စများမှအပ နံနက် ၇ နာရီမှ ညနေ ၇ နာရီ အတွင်းသာ ဖြတ်သန်း သွားလာခွင့် ပြုမည်ဖြစ်ကြောင်း ဆိုသည်။

ချင်းလူငယ်များ အနေဖြင့် ရပ်ရွာအား အတတ်သမျှ ကာကွယ်ရမည့် အချိန်ဖြစ်သည့်အတွက် စစ်ဘေးရှောင်များနှင့် ရောနှော၍ နယ်စပ်သို့ ထွက်ပြေးမည့် လူငယ်များနှင့် သက်လတ်ပိုင်းများအား CDF Mara နယ်မြေအတွင်း လုံးဝ ဖြတ်သန်းခွင့်ပြုမည် မဟုတ်ကြောင်းနှင့် ကြိုတင် အကြောင်းကြားခြင်း မရှိသည့် မည်သည့် ဖြတ်သန်းမှုကိုမဆို တားဆီးမည်ဖြစ်ကြောင်း ဖော်ပြသည်။

ထို့အပြင် CDF Mara ၏ စစ်ဆေးမှုအား ပူးပေါင်း ဆောင်ရွက်ခြင်း မရှိပါက လိုအပ်သလို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ ထိုးစစ်များကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ဘေးရှောင် များပြားလာရာ မရာလူမျိုးများနှင့် ကာကွယ်ရေးတပ်ဖွဲ့မှ အကူအညီ ပေးလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly