ပါကစ္စတန် ဘာလိုချီစတန်၏ အရင်းအမြစ်များကို ဒေသခံပြည်သူများသာ ပိုင်ဆိုင်သည်ဟု ပြည်နယ်ပါတီ အကြီးအကဲ ပြော

By Zee5
15 January 2022
ပါကစ္စတန် ဘာလိုချီစတန်၏ အရင်းအမြစ်များကို ဒေသခံပြည်သူများသာ ပိုင်ဆိုင်သည်ဟု ပြည်နယ်ပါတီ အကြီးအကဲ ပြော

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်၏ ဒေသခံပြည်သူများသည် ပြည်နယ်ရှိ အရင်းအမြစ်များ၏ မူလပိုင်ရှင်များဖြစ်ကြကြောင်း ဘာလိုချီစတန် အမျိုးသားပါတီ-မန်ဂဲလ် (BNP-M) ၏ အကြီးအကဲ ဆန်ဒါ အက်ခ်တာ မန်ဂဲလ်က ပြောကြားလိုက်သည်။

ထို့ပြင် ပြည်နယ်ရှိ သတ္တုတွင်းတစ်ခုဖြစ်သည့် Reko Diq သည် ဒေသခံပြည်သူများ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နေမည်ဆိုပါက ယင်းသတ္တုတွင်းနှင့်ပတ်သက်သည့် သဘောတူညီချက်မှန်သမျှကို ၎င်းဘက်က ဆန့်ကျင်ရလိမ့်မည်ဖြစ်ကြောင်း ဆန်ဒါ အက်ခ်တာ မန်ဂဲလ်က ပြောသည်။

"ကျွန်တော်တို့မှာ ရှိနေတဲ့ သံသယတွေကို ရှင်းသွားအောင် သူတို့ လုပ်ပေးရပါလိမ့်မယ်၊ သတ္တု သန့်စင်စက်ရုံတစ်ခုကို မိုင်းတွင်း ဧရိယာမှာပဲ ထူထောင်သင့်ပါတယ်၊ ဒါမှလည်း ပြည်သူတွေက ရွှေရဲ့ အရည်အသွေးကို သိပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

Reko Diq သတ္တုတွင်းသည် ဘာလိုချီစတန်ပြည်နယ် ချာဂိုင်း ခရိုင် ရီကိုဒစ် မြို့အနီး တည်ရှိသည်။ ယင်းသည် ကမ္ဘာတွင် အကြီးဆုံးသော ကြေးနီနှင့် ရွှေမိုင်းတွင်းများအနက် တစ်ခုဖြစ်သည်။

ထို့ပြင် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်နှင့်ပတ်သက်ပြီး ၎င်းတို့ပါတီ၏ ရပ်တည်ချက်သဘောထားက မပြောင်းလဲကြောင်း ဆန်ဒါ အက်ခ်တာ မန်ဂဲလ်က ပြောသည်။ ထို့ပြင် ယင်းက ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆန့်ကျင်နေခြင်း မဟုတ်ဟု ဆိုသည်။

"ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်ရေးကို ကန့်လန့်တိုက်နေတယ်ဆိုပြီး ပြစ်တင်ခံရတယ်။ အမှန်က ကျွန်တော်တို့ဟာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ဘာလိုချီစတန် ပြည်သူတွေအတွက် အကျိုးရှိတဲ့ တိုးတက်မှုကိုပဲ ထောက်ခံပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် Reko Diq ရွှေတွင်း စီမံကိန်းမှ အကျိုးအမြတ်ခွဲဝေမှု၏ ၅၀ ရာခိုင်နှုန်းကို ဘာလိုချီ စတန်ပြည်သူများအတွက် အသေအချာ ရရှိစေခြင်းမရှိပါက ၎င်း၏ ပါတီအနေဖြင့် အခြားပါတီများနှင့်အတူ ပြည်နယ်လွှတ်တော်နှင့် အခြားဖိုရမ်များတွင် တောင်းဆို ဆန္ဒပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ဘာလိုချီစတန် အမျိုးသားပါတီ-မန်ဂဲလ် (BNP-M) သည် ဘာလိုချီစတန်ပြည်နယ်ရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ပြည်နယ်အတွက် ပိုမို ကြီးမားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပိုမို များပြားသော အခွင့်အရေးများ ရသင့်သည်ဟု ယင်းပါတီက ယုံကြည်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly