ရွာသားများအား အဓမ္မ ကင်းစောင့်ခိုင်း

By သတင်းနှင့် မီဒီယာ ကွန်ရက်။
15 January 2022
ရွာသားများအား အဓမ္မ ကင်းစောင့်ခိုင်း

ဇန်နဝါရီ ၁၅

မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းတွင် စစ်ကောင်စီ တပ်များက ဒေသခံ တောင်သူများအား အတင်းအဓမ္မ ကင်းစောင့်ခိုင်းပြီး ရှေ့တွင် လိုက်ပါစေလျက် ကင်းလှည့်ခြင်းများ လုပ်ဆောင်ခိုင်နေသည်ဟု ဒေသခံများက ပြောသည်။

အစောပိုင်းက သရက်မြို့နယ် ပုဏ္ဏားရွာမှ ရွာသားအချို့သည် အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်နေကြရာမှ နေအိမ်ချိပ်ပိတ်မည် ဟု ထပ်မံ ခြိမ်းခြောက်လာသည့်အတွက် အိမ်ပြန်နေကြစဉ် ယခုကဲ့သို့ လှည့်ကင်း၊ ထိုင်ကင်းများ စောင့်ပေးနေရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဇန္နဝါရီလ ၁၁ ရက်နေ့က မင်းတုန်း၊ ယောသမ္ဘူလကျေးရွာအနီး ထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ယခုကဲ့သို့ သရက်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ကင်းစောင့်ခိုင်းလာခြင်း ဖြစ်သည်ဟု သိရသည်။

ယခုကာလသည် ပဲစဉ်းငုံရိတ်သိမ်းချိန် တောင်သူများ အလုပ်များနေချိန်ဖြစ်သည့်အတွက် ယခုကဲ့သို့ အဓမ္မ ကင်းစောင့်ခိုင်းခြင်း ရိတ်သိမ်းချိန် အလုပ်မလုပ်ရဘဲ လုပ်ငန်းခွင်ထိခိုက်ပြီး ပဲစဉ်းငုံများ ဆုံးရှုံးမည်ကို စိုးရိမ်နေ သည်ဟု သိရသည်။

ပုဏ္ဏားကျေးရွာက အသက် ၄၀ အရွယ် အမျိုးသမီးတဦးက ”သိမ်းချိန်တန်နေတဲ့ ပဲစင်းငုံတွေ အတွက် ရင်လေး တယ်။ ဒီနှစ် ပဲစင်းငုံဈေး ကောင်းတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလက စစ်ကောင်စီ၏ လှည့်ကင်းကို သရက်နှင့် ကံမ PDF တပ်ဖွဲ့ဝင်များက ခြုံခိုတိုက် ခိုက်မှု တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီးနောက် ပုဏ္ဍားကျေးရွာတွင် ယနေ့အချိန်ထိ လာရောက် တပ် စွဲထားခြင်း ဖြစ်သည်ဟုသိရသည်။

ထို့အပြင် ပုဏ္ဍားကျေးရွာမှ ရွာသားတစ်ယောက်သည်လည်း ၎င်းသည် စစ်ကောင်စီတပ်က တပ်ကြပ်ကြီး တစ် ယောက်နှင့် အမျိုးတော်စပ် သည်ဟု ဆိုကာ တောင်သူများကို အနိုင်ကျင့်နေခြင်းများလည်း ရှိသည်ဟု ရွာသား များက ပြောသည်။

ပုဏ္ဏားကျေးရွာသည် ဗိုလ်ချုပ်အောင်ဆန်း ဖက်ဆစ်ကို စစ်ကြေငြာခဲ့သည့် ကျေးရွာဖြစ်ပြီး မော်ကွန်းကျောက်စာ တိုင် စိုက်ထူထားကာ သရက်မြို့နယ်အတွင်းရှိပြီး ကံမ-မင်းတုန်း မြို့နယ် မြေခြင်းထိစပ်မှု ရှိသည့် ကျေးရွာ ဖြစ်သည်။

မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းရှိ ပုဏ္ဏားကျေးရွာသည် အိမ်ခြေ ၅၀၀ ကျော် ရှိပြီး လူဦးရေအားဖြင့် ၁၅၀၀ ကျော် ခန့်ရှိသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly