ရေဦး၊ ဒီပဲယင်းနှင့် ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်တိုက်ခိုက်

By OAK
14 January 2022
ရေဦး၊ ဒီပဲယင်းနှင့် ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နှင့် ခင်ဦးမြို့ရှိ ကျေးရွာများကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၁၄ ရက် နေ့လည်ခင်း ၁၂ နာရီအချိန်ခန့်မှ စတင်ကာ ယခုအချိန်အထိ စစ်ရဟတ်ယာဉ် သုံးစီးဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။

"မြေပြင် ထိတွေ့မှုမရှိဘဲ အသားလွတ် လာပစ်တာ၊ Mi -35 တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးရယ် ရိုးရိုး ရဟတ်ယာဉ် လူတင်တဲ့ ရဟတ်ယာဉ် တစ်စီးရယ်နဲ့ လာပစ်တာ၊ အခုချိန်အထိကို လက်နက်ကြီးအသံတွေ ကြားနေရတယ်" ဟု ရေဦးမြို့ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီ တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီး ရိုးရိုးရဟက်ယာဉ် တစ်စီးဖြင့် ရေဦးမြို့နယ် နတ်ကုန်းတန်းရွာရှိ တပ်သားများအား လာရောက် သယ်ဆောင်နေပြီး၊ ဒီပဲယင်းမြို့ ယင်ပြေးရွာ၊ ခင်ဦးမြို့နယ် သဲကုန်းကြီး ကျေးရွာနှင့် အခြားရွာများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ရေဦးမြို့ကိုတော့ မပစ်ဘူးဗျ၊ သူတို့တပ်စွဲထားတဲ့ စခ (စစ်ကောင်စီတပ်သား) တွေကို လာသယ်တာ၊ ဒီပဲယင်းနဲ့ ခင်ဦးက ရွာတွေကိုတော့ ပစ်နေတယ်၊ ခုချိန်အထိပဲ၊ ဘာအကြောင်းမှမရှိဘဲကို လာပစ်တာ၊ အရင်တွေကတော့ အဲ့လိုမပစ်ဖူးဘူး၊ အခုက ပထမဆုံး" ဟု ၎င်းကပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီပဲယင်းနှင့် ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် နေထိုင်သူများ စစ်ဘေးရှောင်နေရပြီး ထိခိုက်မှုနှင့် စစ်ဘေးရှောင် အရေအတွက်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ရေဦးမြို့နယ်၊ ချမ်းသာရွာတွင် စစ်ကောင်စီတပ် အင်အား ၁၂၀ ခန့်ဖြင့် ဝင်ရောက်၍ မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေး ချို့တဲ့သူ တစ်ဦး အပါအဝင် လူနှစ်ဦးအား သတ်ဖြတ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly