တိုင်းရင်းသားပေါင်းစုံ ပါ၀င်သည့် MNPLF တပ်ဖွဲ့ ဖွဲ့စည်း

တိုင်းရင်းသားပေါင်းစုံ ပါ၀င်သည့် MNPLF တပ်ဖွဲ့ ဖွဲ့စည်း

ဇန်နဝါရီ ၁၄

တိုင်းရင်းသားပေါင်းစုံ ပါ၀င်သည့် မြန်မာပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်‌မြောက်ရေး တပ်ဖွဲ့ (MNPLF) ကို ကရင်နီပြည်နယ် အခြေစိုက် ဖွဲ့စည်းပြီး ဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်တွင် တရားဝင် ကြေညာသည်။

အဆိုပါ တပ်ဖွဲ့သည် ပြီးခဲ့သည့်နှစ် စစ်တပ်က အာဏာသိမ်းပြီး ကာလမှစ၍ မြေအောက် တော်လှန်ရေး လှုပ်ရှားမှုများ‌ လုပ်ဆောင်ရန် အမည်ပျောက် ဖွဲ့စည်းခဲ့ပြီး ယခုနှစ်အစ‌မှ စတင်ကာ ပေါ်ပေါ်တင်တင်ဖြင့် နိုင်ငံအတွင်းရှိ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် လှုပ်ရှားမည် ဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ ဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။

"ကရင်နီ ပြည်နယ် တစ်ခုထဲ မဟုတ်ဘဲ တစ်ပြည်လုံးဆိုင်ရာ ပါ၀င်တိုက်ပွဲ၀င်မယ့် အဖွဲ့ပါ။ ဖွဲ့စည်းတာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ထဲကပဲ။ အဖွဲ့နာမည် မထုတ်ပြောသေးဘဲ အခုမှ ပြောတာ။ အရင်က အခြားဒေသတွေမှာပါ မြေအောက် တော်လှန်ရေးပိုင်း လှုပ်ရှားခဲ့တော့ စစ်ကောင်စီကို တိတ်တဆိတ် ပြောက်ကျား တိုက်ခိုက်ခဲ့လို့ပါ။ အခုတော့ တပ်မဟာအထိ ဖွဲ့ဖို့ရှိတယ်။ အဖွဲ့အစည်း ရည်ရွယ်ချက်ကတော့ ဗမာအပါအ၀င် တိုင်းရင်းသား လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လူမျိုး မခွဲခြားဘဲ တန်းတူအခွင့်ရေး လိုချင်လို့ တော်လှန်ကြမယ့်ပုံ စံမျိုးပါ "ဟု ၎င်းက ပြောသည်။

တပ်ဖွဲ့၀င် ၂၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ၎င်းတို့ အဖွဲ့သည် မြေအောက်တော်လှန်ရေး လှုပ်ရှားခဲ့စဉ်က ကရင်နီ ပြည်နယ်အတွင်း၌ စစ်ကောင်စီတပ်ကို အကြိမ်ပေါင်း ၃၀ ကျော် ပြောက်ကျား တိုက်ခိုက်ခဲ့ကြောင်းနှင့် အနယ်နယ်အရပ်ရပ်က မြို့ကြီးများ အပါအ၀င် ဒေသ အသီးသီးတွင်လည်း ပြောက်ကျား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လက်ရှိ အချိန်မှစ၍ မဟာမိတ်များ တပ်ဖွဲ့၀င်များနှင့်လည်း ဆက်လက် ပူးပေါင်းကာ စစ်အာဏာရှင် စနစ်ကို ပြီးဆုံးထိ တိုင်အောင် တိုက်ပွဲ၀င်မည် ဖြစ်ပြီး နိုင်ငံအတွင်း စစ်ဘေးရှောင် ပြည်သူများ၊ တိုက်ပွဲကြား မြေစာပင် ဖြစ်နေသည့် ကူရာမဲ့ ပြည်သူလူထုကို ကူညီ စောင့်ရှောက် ခြင်းများကိုပါ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required