တရုတ်အာဏာပိုင်များက တိဗက်ဘုန်းကြီး ၂ ပါးကို မိသားစုနှင့်အဆက်အသွယ်ဖြတ်ကာ ဖမ်းဆီးထား

တရုတ်အာဏာပိုင်များက တိဗက်ဘုန်းကြီး ၂ ပါးကို မိသားစုနှင့်အဆက်အသွယ်ဖြတ်ကာ ဖမ်းဆီးထား

တရုတ်နိုင်ငံအနောက်ပိုင်း စီချွမ်ပြည်နယ်တွင် အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရသည့် တိဗက်ဘုန်းကြီးနှစ်ပါးနှင့်ပတ်သက်၍ သတင်းအစအနမရသည်မှာ ၅ လမျှကြပြီဖြစ်သဖြင့် ၎င်းတို့၏ ကျန်းမာရေးအတွက် မိသားစုဝင်များက စိုးရိမ်ပူပန်မှုများပိုတိုးလာကြောင်း RFA မှ သိရှိရသည်။

ညီအစ်ကိုများဖြစ်သည့် တန်ဇင်းနော်ဘူနှင့် ဝမ်ချမ်းညီမာတို့သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ကာဇီတိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ တာဝူကောင်တီ အကျဉ်းထောင် တွင် ထိန်းသိမ်းခံထားရကြောင်း နယူးယောက်တွင်နေထိုင်သည့် တိဗက်တစ်ဦးကပြောသည်။

ဘုန်းကြီး ၂ ပါးသည် စီချွမ်ပြည်နယ် ဒရာဂိုကောင်တီ နီနန်ဘုန်းကြီးကျောင်းမှ ဆရာတော် တာကူချိုရီညီမာ၏ တူများဖြစ်ပြီး ၎င်းကောင်တီတွင် မကြာသေးမီက တရုတ်အာဏာပိုင်များသည် တိဗက်ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ပွားတော်ကြီး ၂ ဆူကို ဖြိုချ ဖျက်ဆီး ခဲ့ကြသည်။ ဖြိုဖျက်မှုကို ကန့်ကွက်သော တိဗက်လူမျိုးများကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့ကြသည်။

တိဗက်ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာအထောက်အပံ့ပေးသူအဖြစ်သိကြသော ဝမ်ချန်းညီမာသည် ၂၀၁၅ ခုနှစ်က တစ်ကြိမ် ဖမ်းဆီးခံခဲ့ရဖူးပြီး တရုတ်အာဏာပိုင်များက ၎င်း၏ဘုန်းကြီးကျောင်းအတွင်းရှိ စာသင်ကျောင်းများကို ပိတ်ပစ်ကာ အစ်ကိုဖြစ်သူကိုလည်း ဖမ်းဆီးသွားကြောင်း အဝေးရောက်သတင်းရင်းမြစ်တစ်ခုက RFA သို့ပြောသည်။

“သူတို့အဖမ်းခံရပြီး ၃ ရက်အကြာ သြဂုတ် ၁၈ ရက်မှာ သူတို့ရဲ့ ဘုန်းကြီးကျောင်း စုဝေးခန်းမ မီးလောင်ခဲ့ပြီး စီချွမ် Larung Gar ဗုဒ္ဓအကယ်ဒမီက ဘွဲ့ရထားတဲ့ ခန်ပိုသူတန်ဆိုလည်း မီးလောင်သေဆုံးခဲ့ပါတယ်။ ဘူကျိုလို့ခေါ်တဲ့ ဘုန်းကြီးတစ်ပါးလည်း မီးလောင်ပြီး နောက်နေ့ ဆေးရုံသွားတဲ့လမ်းမှာပဲ ဆုံးပါးသွားတယ်” ဟု ၎င်းက ဆိုသည်။

တာဝူနှင့်ဒရာဂိုကော်တီတို့ကို ဆက်သွယ်သည့် လမ်းပေါ်တွင် တည်ရှိသော နီနန်ဘုန်းကြီးကျောင်း မီးလောင်မှုသည် တရုတ်အာဏာပိုင်များက စတင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတိဗက်လူမျိုးများက ယုံကြည်နေကြကြောင်း သတင်းရင်းမြစ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly