ကရင်နီပြည်နယ်တွင် နေထိုင်သူ ဦးရေ၏ ထက်ဝက်ကျော် စစ်ဘေးရှောင်နေရ

ကရင်နီပြည်နယ်တွင် နေထိုင်သူ ဦးရေ၏ ထက်ဝက်ကျော် စစ်ဘေးရှောင်နေရ

ဇန်နဝါရီလ ၁၃ ရက်

ကရင်နီပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများနှင့်  မီးရှို့ဖျက်ဆီးမှုများကြောင့် ကရင်နီပြည်နယ်တွင် နေထိုင်သူ ဦးရေ၏ ထက်ဝက်ကျော် စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ ကောက်ယူထားသည့် စာရင်းအရ သိရသည်။ 

ကရင်နီပြည်နယ်တွင် ‌‌နေထိုင်သူ လူဦးရေ ၃၀၀,၀၀၀ ကျော်ရှိသည့်အနက် လူဦးရေ  ၁၈၀,၀၀၀ ကျော်သည် ယခုအခါ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။ 

''ကရင်နီပြည်က ၃၀၀,၀၀၀ သိန်းကျော်မှာ ၁၈၀,၀၀၀ ကျော် စစ်ရှောင်ရတယ်။ အနီး ဝန်းကျင်ရွာတွေမှာ လှည့်ရှောင်ကြတာပါ။ ကရင်နီပြည်ကနေ ရှမ်းတောင်ဘက်ကို သောင်းနဲ့ချီရှောင်လာကြတယ်"ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

ဆိုက်ခေါင်မြို့နှင့် ဆီဆိုင်မြို့တစ်ကြောသို့ စစ်ရှောင်လာသူ ဦးရေ ၃,၀၀၀ ခန့်ရှိကြောင်း၊ ညောင်ရွှေမြို့နယ်တွင် ဦးရေ၂,၀၀၀ ကျော်၊ တောင်ကြီးမြို့နယ်တွင်  ဦးရေ ၃,၀၀၀ နီးပါး၊  ပင်းတယမြို့၊ ကလောမြို့နှင့်  အောင်ပန်းမြို့သို့ စစ်ဘေးရှောင်လာသူ ဦးရေ ၃,၀၀၀ ခန့်ရှိ‌ကြောင်း စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ၎င်းကောက်ယူထားသည့်စာရင်းများအရ မဇ္ဈိမကို ပြောပြသည်။ 

ကရင်နီပြည်မှ လာသော စစ်ဘေးရှောင်များအတွက် ရှမ်းပြည်နယ်က ကားများနှင့် ကြိုပို့ပေးကြောင်း၊ လမ်းတွင် စစ်ဆေးတင်းကျပ်ပြီး အထုတ်များဆွဲချစစ်ဆေးခြင်း ရှိကြောင်း၊ စစ်ရှောင်များနေသော ရပ်ကွက်များတွင် လူဦးရေစာရင်းကောက်နေကြောင်း၊ အိမ်ငှားသူများမှာ ဧည့်စာရင်းတိုင်ရကြောင်း စစ်ရှောင်များထံမှ သိရသည်။ 

''နေရေး၊ ထိုင်ရေးကလည်း အဆင်ပြေတဲ့သူတွေရှိသလို အခုထိ မပြေသေးတဲ့သူတွေလည်း ရှိတယ်။ စစ်ရှောင်တွေအတွက် ရေ နဲ့ အစားအသောက်လိုနေကြတယ်။ အခက်ခဲဆုံး အခြေနေတွေထဲမှာ ကိုယ်ဝန်ဆောင်သည် (တချို့ဆို မီးဖွားခါနီး) တွေသက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေတဲ့သူတွေပါလာတဲ့အခါ သူတို့အတွက် လိုအပ်ချက်တွေ များနေတယ်။ အိမ်ဈေးတက်တယ်ဆိုတာကလည်း တချို့နေရာတွေမှာပဲ တက်တာပါ။ တချို့အိမ်ရှင်တွေဆို အိမ်ငှားခ မယူဘဲ ကူညီပေးနေတာမျိုးတွေ၊ တစ်လချင်းငှားပေးတာမျိုးတွေလည်း ရှိပါတယ်။ စစ်ရှောင်တွေကို ပြောချင်တာက အားမငယ်ပါနဲ့ ပြီးတော့ ဒီမှာရေပေါ်ဆီများတယ်ဆိုပြီလည်း စိတ်လည်းမပျက်ပါနဲ့။ အကူအညီတွေ အများကြီးပေးဖို့ အဆင်သင့် ရှိနေပါတယ် '' ဟု စစ်ရှောင်များကို ကူညီပေးနေသူက ဆိုသည်။

နောက်ထပ် စစ်ရှောင်လာမည့် သူများအတွက် ရှမ်းတောင်တွင် ကူညီပေးမည့်သူ များစွာရှိကြောင်း၊ လိုင်းပေါ်တွင် ပျံ့နှံ့နေသကဲ့သို့ အိမ်ငှားခများ အဆမတန် တောင်းနေသည်ဟု သတင်းထွက်နေသည်မှာ မြို့ခံအများစု မဟုတ်ကြောင်း၊ မြို့ခံတချို့ကသာ ထိုကဲ့သို့ အိမ်လခပိုတောင်းကြခြင်းဖြစ်ကြောင်း၊ အမှန်တကယ် စေတနာထားပြီး ကူညီပေးနေသူများစွာရှိကြောင်းလည်း အဆိုပါ စစ်ရှောင်များကို ကူညီပေးသူက ထပ်လောင်းပြောဆိုသည်။

ကရင်နီပြည်နယ်တွင် ဇန်နဝါရီလ ၈ ရက် ကစပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အပြင် ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် စစ်ကောင်စီက ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်  ညနေ ၄ နာရီ ၄၀ မိနစ် တွင်လည်း လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required