ဇန်နဝါရီ ၁၃
ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ ဗုဒ္ဓဟူးနေ့က အသေခံ ကားဗုံးဖောက်ခွဲမှု ဖြစ်တာကြောင့် လူအချို့ သေဆုံးရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အခု တိုက်ခိုက်မှုကို အယ်လ်ရှာဘတ် ဂျီဟတ်အုပ်စုက ၎င်းတို့ ကျူးလွန်ကြောင်း အတည်ပြုပြီး နိုင်ငံခြားသား အရာရှိတွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ပြဿနာ ကြုံနေရတဲ့ အာဖရိက ဦးချိုဒေသ နိုင်ငံမှာ ကာလရှည် နှောင့်နှေးနေတဲ့ ရွေးကောက်ပွဲတွေအတွက် အချိန်ဇယားသစ်ကို ဆိုမာလီခေါင်းဆောင်တွေက သဘောတူပြီး ရက်ပိုင်းမှာပဲ အခု တိုက်ခိုက်မှု ဖြစ်ပွားလာတာပါ။
‘သူရဲဘောကြောင်’တဲ့ အသေခံတိုက်ခိုက်မှုကို အစိုးရက ရှုတ်ချပြီး ဒီ တိုက်ခိုက်မှုမှာ လူ လေးဦး သေဆုံးလို့ ဒဏ်ရာရသူ ခြောက်ဦး ရှိကြောင်း တွစ်တာကနေ ထုတ်ပြန်ပါတယ်။
“ဒီလို အကြမ်းဖက်လုပ်ရပ်မျိုးဟာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတွင်းက ရှိဆဲ ဖွံ့ဖြိုးတိုးတက်မှုတွေကို သက်ရောက်လိမ့်မှာ မဟုတ်ဘူး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် မိမိတို့ စည်းလုံးညီညွတ်ကြရမယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခု တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ခြောက်ဦး သေဆုံးကြောင်းကို ဌာနေအစိုးရ လုံခြုံရေးတာဝန်ရှိသူ မိုဟာမတ် အက်ဒီက အစောပိုင်းမှာ အေအက်ဖ်ပီကို ပြောထားပါတယ်။
“ပေါက်ကွဲတဲ့ နေရာကတော့ တော်တော်လေးကို ပျက်စီးမှု ကြီးမားတယ်”လို့ သူက ပြောပြီး ပေါက်ကွဲမှု ဖြစ်ရာမှာ လူတော်တော်များများ ရှိနေတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ သတိပေးပါတယ်။
မိုဂါဒစ်ရှူး တောင်ပိုင်းမှာ ပုဂ္ဂလိက လုံခြုံရေးယာဉ်တန်းက နိုင်ငံခြားသားတွေကို ခြံရံပြီး ဖြတ်သန်းသွားချိန်မှာ ပေါက်ကွဲမှုဖြစ်တာလို့ မျက်မြင်တွေက ပြောကြပါတယ်။