တနင်္သာရီမြို့နယ် တကူကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ် ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရဟုဆို

By ကိုရွှေမြိတ်
12 January 2022
တနင်္သာရီမြို့နယ် တကူကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ် ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရဟုဆို

ဇန်နဝါရီ ၁၂

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တကူသံတိုက် လှေဆိပ် ကျားခေါင်းတောင်တွင် ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်က PDF နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲ လေးကြိမ် ထက်မနည်း ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဘက်မလိုက် ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်သည်။

တနင်္သာရီမြို့နယ် တကူကျေးရွာနှင့် သာရဘွင်ကျေးရွာ တစ်ဝိုက်တွင် ပြည်သူ့ ကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ် မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေရာ ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီမှ ၅ နာရီ အထိ စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး အပြန်အလှန် တိုက်ပွဲ လေးကြိမ် ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ နှစ်ဦး ကျဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဆိုသည်။

တကူကျေးရွာနေ ဒေသခံ တစ်ဦးက "နေ့လယ်ပိုင်းမှာ စစ်ကောင်စီဘက်က ကင်းထောက် လေယာဉ်နဲ့ ပျံဝဲပြီး ညနေပိုင်းမှာ တိုက်ပွဲ ဖြစ်တာ ကြားပါတယ်" ဟုပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း ဘက်မလိုက် ပြောက်ကျားအဖွဲ့ အထိအခိုက်ကင်းစွာ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ကြောင်း ယင်း အဖွဲ့ကပြောသည်။

တနင်္သာရီမြို့ အနီးတစ်ဝိုက်တွင် စစ်ရေး တင်းမာမှုများ ရှိနေ၍ ပြည်သူများ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ရန်နှင့် တိုက်ပွဲများ ဖြစ်ပွားလာပါက အတတ်နိုင်ဆုံး ရှောင်ရှားပေးရန် ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly