ဟားခါးမြို့နယ်က ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရှန်မန်းနေအိမ်ချိပ်ပိတ်ခံရ

ဟားခါးမြို့နယ်က ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရှန်မန်းနေအိမ်ချိပ်ပိတ်ခံရ

ဇန်နဝါရီ ၁၂

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ ချယ်ရီလမ်းတွင် နေထိုင်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးရှန်မန်းနေအိမ်ကို ယမန်နေ့ ကချိပ်ပိတ်ခံရကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တစ်ဦးတည်းသောအနိုင်ရပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်း၏နေအိမ်ကို မည်သည့်အတွက်ကြောင့် ချိပ်ပိတ်ခံထားရသည်ကို မသိရသေးပေ။

"ဦးရှန်မန်းက CNLD ပါတီကနေ ၂၀၂၀ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီး NLDပါတီကလမ်းပန်းဝန်ကြီးဦးရွှေထီးအိုကိုအနိုင်ရရှိထားတဲ့သူဖြစ်တယ်။ ချင်းပါတီကနေရာ၁၀၀ကျော်ပြိုင်တဲ့ထဲမှာသူတစ်ယောက်ပဲအနိုင်ရရှိထားတာဖြစ်တယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ့ကို ပြည်နယ်ကောင်စီဝင်တစ်နေရာ ကမ်းလှမ်းပေမယ့်လည်း သူငြင်းပယ်လိုက်တယ်။ သူကစစ်တပ်နှင့်လည်းမပတ်သက်ဘူး၊ဒီဘက်ကတော်လှန်ရေးအင်အားစုတွေနဲ့လည်းမပတ်သက်ဘူး၊ပြည်ပကိုလည်းထွက်မပြေးဘူး ရွာတစ်ရွာမှာပဲရှောင်နေတာအဲဒါကို ဘာလို့များ သူ့အိမ်ကိုချိပ်ပိတ်ရလည်းမသိပါဘူး"ဟု ဟားခါးဒေသခံတစ်ဦးကပြောသည်။

သည့်အပြင် ဦးရှန်မန်း၏သားဖြစ်သူသည် CDMဝင်ရောက်ထားသူ ဟားခါးဒုဆေးရုံအုပ်ဒေါက်တာ Mang Biak Kung ဖြစ်ကြောင်း၊ သားအဖနှစ်ယောက်ထွက်ပြေးတိမ်းရှောင်ရာက သားဖြစ်သူမှာနေအိမ်သို့ပြန်လာချိန်တွင် စစ်ကောင်စီတပ်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပြန်လည်လွှတ်ပေးခဲ့ကာ Non CDMအဖြစ် လက်ရှိ ပြန်လည်၍တာ၀န်ထမ်းဆောင်နေသူလည်း ဖြစ်သည်ဟုဆိုသည်။

နေအိမ်ချိပ်ပိတ်ခံရသည့် ဦးရှန်မန်းသည်ကျောင်းဆရာတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် UNDPတွင်လည်း နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့သည့်သူဖြစ်သည်။

ဟားခါးမြို့တွင် မြို့မိမြို့ဖတစ်ဦးလည်းဖြစ်ကြောင်းသိရပြီး ထိုသို့နေအိမ်ချိပ်ပိတ်ခံရခြင်းမှာ NLDပါတီနှင့် မပတ်သက်သည့် နိုင်ငံရေးသမားတစ်ဦး၏ နေအိမ်ကို ပထမဆုံးချိပ်ပိတ်ခံရခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly