ပါကစ္စတန်၏ သွင်းကုန်တန်ဖိုး ဆက်လက်မြင့်တက်နေပြီး ကုန်သွယ်ရေးလိုငွေပြမှု ၂ ဆတိုး

ပါကစ္စတန်၏ သွင်းကုန်တန်ဖိုး ဆက်လက်မြင့်တက်နေပြီး ကုန်သွယ်ရေးလိုငွေပြမှု ၂ ဆတိုး

ပါကစ္စတန်နိုင်ငံတွင် သွင်းကုန်တင်သွင်းမှု တန်ဖိုးက ဆက်လက်မြင့်တက်နေပြီး ယင်းနိုင်ငံ၏ ကုန်သွယ်လိုပြမှုသည် လက်ရှိဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်အတွင်း ကန်ဒေါ်လာ ၂၄ ဒသမ ၇၉ ဘီလီယံအထိ ထိုးတက်ခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ရခြင်းသည် အဓိကအားဖြင့် သွင်းကုန်တင်သွင်းမှုပိုင်း တစ်နှစ်ထက် တစ်နှစ် ၆၃ ရာခိုင်နှုန်း မြင့်တက်မှုနှင့် သက်ဆိုင်နေကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင်-ဒီဇင်ဘာ ကာလတွင် နိုင်ငံ၏ သွင်းကုန်တင်သွင်းမှုတန်ဖိုးသည် အစောပိုင်းတစ်နှစ်တွင် ဒေါ်လာ ၂၄ ဒသမ ၄၇ ဘီလီယံရှိရာမှ ဒေါ်လာ ၃၉ ဒသမ ၉၁ ဘီလီယံသို့ မြင့်တက်ခဲ့သည်။

ထို့အတူ ဇူလိုင်-ဒီဇင်ဘာလ အကြား ကာလအတွင်း နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများက အစောပိုင်းတစ်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၁၅ ဒသမ ၁၃ ဘီလီယံကို ရောက်ရှိခဲ့ကြောင်း Dawn က ဖော်ပြသည်။

ဒီဇင်ဘာလတွင် သွင်းကုန်တင်သွင်းမှုတန်ဖိုးက ကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံတွင် ရပ်တည်နေခဲ့ပြီး အစောပိုင်းနှစ် အလားတူလနှင့် ယှဉ်ပါက ၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် လအလိုက် အခြေခံအားဖြင့် ၁၃ ရာခိုင်နှုန်း လျော့ကျခြင်းဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာလအတွင်း သွင်းကုန်တင်သွင်းမှုတန်ဖိုးသည် ကန်ဒေါ်လာ ၇ ဒသမ ၉၃ ဘီလီယံ ဖြစ်ခဲ့ကြောင်း သုတေသနကုမ္ပဏီ Arif Habib Limited က ပြုစုသည့် ဒေတာများကို ကိုးကားပြီး ပါကစ္စတန် သတင်းစာက ဖော်ပြသည်။

ဒီဇင်ဘာလတွင် ပို့ကုန်များသည် တစ်နှစ်ထက်တစ်နှစ် ၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၂ ဒသမ ၇၆ ဘီလီယံကို ရောက်ရှိခဲ့သော်လည်း ယင်းက နိုဝင်ဘာလက ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံနှင့် ယှဉ်ပါက လအလိုက်တွင် ၅ ရာခိုင်နှုန်း လျော့ကျခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏ သွင်းကုန်တင်သွင်းမှုပိုင်း တိုးတက်မှုက စတင် လျော့ကျထားခဲ့ပြီဖြစ်သည်ကို ကနဦး ကိန်းဂဏန်းများက ညွှန်ပြနေကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်၏ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေး အဗ္ဗဒူလ် ရာဇက်ခ် ဒါဝုဒ်က ဇန်နဝါရီ ၂ ရက်က တွစ်တာတွင် ရေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly