ထားဝယ်တွင် တက်ကြွလှုပ်ရှားသူ ကိုမင်းဆက်မှူး ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ

By ကိုရွှေမြိတ်
11 January 2022
ထားဝယ်တွင် တက်ကြွလှုပ်ရှားသူ ကိုမင်းဆက်မှူး ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ

ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် စစ်အာဏာ ဖီဆန်ရေး တက်ကြွစွာ လှုပ်ရှားခဲ့သူ ကိုမင်းဆက်မှူးကို စစ်ကောင်စီ ထောင်တွင်း တရားရုံးက ထောင်ဒဏ် ရှစ်နှစ် ချမှတ်လိုက်ကြောင်း ထားဝယ် နိုင်ငံရေး အကျဉ်းသားများကွန်ရက် DPPN ထံမှ သိရသည်။

အသက် (၂၁) နှစ် အရွယ် ကိုမင်းဆက်မှူးကို စစ်ကောင်စီက ပုဒ်မ လေးခုဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထားဝယ် အကျဉ်းထောင်ရှိ ထောင်တွင်း တရားရုံးမှ နှစ်ရှည် ထောင်ဒဏ် ရှစ်နှစ် အမိန့်ချမှတ်ခဲ့သည်ဟု ထားဝယ် နိုင်ငံရေး အကျဉ်းသားများကွန်ရက် DPPN က ထုတ်ပြန်သည်။

ကိုမင်းဆက်မှူးကို ပုဒ်မ ၁၉ (စ)၊ ၅၂ (က)၊ ၅၄၊ ၅၀ (ည) အစရှိသည့် ပုဒ်မ ခြောက်ခုဖြင့် တရားစွဲဆို ခံထားရကာ လက်ရှိတွင် ပုဒ်မလေးခု အတွက် အမိန့်ချမှတ် ခံရခြင်း ဖြစ်ပြီး လက်ကျန် ပုဒ်မ နှစ်ခုဖြစ်သော ၅၀(ည)၊ ၅၄ တို့ ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။

၎င်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က ထားဝယ်မြို့၊ မြို့သစ် (၁၀) လမ်း နေအိမ်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုမင်းဆက်မှူး သည် ထားဝယ် အကျဉ်းထောင် အတွင်း အမြင့်ဆုံး ထောင်ဒဏ် ၁၉ နှစ် အထိ အမိန့်ချမှတ် ခံထားရသူ ကိုထွန်းဦးနှင့် အမှုတွဲလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly